ပညာပေးကာလနောက်ဆုံးပတ် မြဝတီ-ရန်ကုန်လမ်းကြောင်းပေါ်မှာ စစ်ဆေးတွေ့ရှိနေရဆဲ
တနင်္ဂနွေနေ့ ။ ၀၆ ဇန်နဝါရီလ ၂၀၁၃ 21:15 PM
စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ တားဆီး ထိန်းချုပ်ရန် မူဆယ်ဘက်နဲ့ မြဝတီဘက် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှာ Mobile Team အဖွဲ့ -၂ ဖွဲ့ တာဝန်ချထား ဆောင်ရွက်ပေးနေပြီး စခန်း ထုတ်နုတ် အင်အားနဲ့ စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။
မြဝတီ-ရန်ကုန် လမ်းကြောင်းပေါ်ရှိ Mobile Team အဖွဲ့-၂ ရဲ့ ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း ဒိုက်ဦး-မြစ်ကျိုး၊ လမ်းသစ် လမ်းဟောင်း လမ်းဆုံမှာ စားသုံးသူ အကာ အကွယ်ပေးရေး၊ တရားမဝင် လိုင်စင်မဲ့ ကုန်ပစ္စည်းများနဲ့ ကန့်သတ် ကုန်ပစ္စည်းများအား Spot Check စနစ်နဲ့ တားဆီး ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ရာမှာ ယာဉ် ၁၂၆ စီးပေါ်မှ နို့စိမ်း၊ အုန်းနို့ဘူး၊ စားဆီ၊ ခရုဆီ၊ ကြာဆံပြာ၊ ပဲနို့၊ ငံပြာရည်၊ ငါးသေတ္တာဘူး၊ အသားတု၊ အချိုမှုန့်၊ မုန့်၊ ဝေဖာ၊ သကြားလုံး၊ ချောကလက်၊ ကွတ်ကီး၊ Lipo အချိုရည်၊ Dec Do အချိုရည်၊ ဒူးရင်းသီး၊ ပန်းသီး စတဲ့စားသောက် ကုန်များ၊ မျက်နှာသုတ်ပုဝါ၊ ဂျာစီပိတ်၊ အင်္ကျီ၊ ဖိနပ်၊ နိုင်လွန်/ ချည်စများ၊ အလှကုန် (ခေါင်းလျှော်ရည်၊ နှုတ်ခမ်းနီ၊ Hair Coat)၊ ပလပ်စတစ်ဖျာ၊ ကလေး မွေ့ယာ၊ မီးပူ၊ ထမင်းပေါင်းအိုး၊ Laptop၊ TV စင်၊ ရေအေးစက်၊ အကြော်အိုး၊ ၂ ပေ မီးချောင်း စတဲ့ လျှပ်စစ် ပစ္စည်းများနဲ့ ဆက်စပ် ပစ္စည်းများ၊ သစ်ခွ၊ ကားတံခါး၊ မီးခွက်၊ ကားရှဲလ်၊ ဂီယာ Box စတဲ့ ကားဆက်စပ် ပစ္စည်းများ၊ Handset ၊ PVC ပေါင်ဒါ၊ ကော်ဖြတ်စနဲ့ ဘီယာများကို စစ်ဆေး တွေ့ရှိခဲ့ပြီး ခေတ္တ ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့ပါတယ်။ ဒီပစ္စည်းတွေ ထဲမှာ ကန့်သတ်ကုန်၊ လိုင်စင်မဲ့၊ ဂျူတီမပါ၊ Brand အလွဲတွေ ပါရှိပြီး အချို့ ပစ္စည်းများကိုမူ အခွန်ဆောင်ပြီး ဖြစ်တဲ့ အတွက် ပြန်လည် ပေးအပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။
Mobile Team အဖွဲ့များနဲ့ လက်ရှိ လုပ်ငန်း ဆောင်ရွက်နေမှုများနဲ့ စပ်လျဉ်းပြီး အသိပေး ရှင်းလင်းပွဲကို ဇန်နဝါရီလ ၅ ရက် စနေနေ့ ၁၀းဝ၀ ချိန်မှာ ရန်ကုန်တိုင်း ဒေသကြီး ရုံးခွဲ၊ ပဉ္စမထပ် ညီလာခံ ခန်းမမှာ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးမှ ဦးဆောင်ပြီး ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ ကုန်သည် အသင်း အဖွဲ့များ၊ ကုန်သည်များ၊ ကုန်စည် ပို့ဆောင်ရေးနဲ့ ခရီးသည် ပို့ဆောင်ရေး ယာဉ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြတယ်လို့ သတင်း ရရှိပါတယ်။
Source: လရ-၂ ပန်