တစ်ဦးချင်းထုတ်ကုန်သွင်းကုန်ကတ်ပြားနဲ့ ကုန်သွယ်မှုလုပ်ဆောင်ခွင့် စစ်တွေကုန်သည်ငယ်များရရှိလိုသောဆန္ဒရှိ

တနင်္ဂနွေနေ့ ၀၆ ဇန်နဝါရီလ ၂၀၁၃ 21:00 PM

ကုန်သွယ်မှု မြှင့်တင်ရေး ဆောင်ရွက်ရာမှာ ကုန်သည် လုပ်ငန်းရှင်များ ပါဝင်မှု နည်းပါး နေသေးကြောင်းနဲ့ လုပ်ထုံး လုပ်နည်းနဲ့ အညီ ကုမ္ပဏီ မရှိသူများကို တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်ပြား (Individual Trading Card) ထုတ်ပေးနိုင်လျှင် ကုန်သွယ်မှု ပိုမို များပြား လာစေမှာ ဖြစ်တဲ့ အတွက် ရခိုင်ပြည်နယ် အတွက်လည်း ITC ထုတ်ပေးရန် မြန်မာ့ လယ်ယာထွက် ကုန်ပစ္စည်း ရောင်းဝယ်ရေး ပြည်နယ်မန်နေဂျာ ဦးစိုးပိုင်က ဒီဇင်ဘာလ အတွင်းက ရခိုင် ပြည်နယ် ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း အစည်း အဝေးခန်းမမှာ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ တင်ပြ ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရခိုင် ပြည်နယ် ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးရွှေထွန်းအောင် ကလည်း ITC ကတ်နဲ့ ပတ်သက်၍ တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်ပြား အကြောင်း တစ်ပိုင် တစ်နိုင် လုပ်ကိုင် နေကြတဲ့ ကုန်သည်များ ကျယ်ကျယ် ပြန့်ပြန့် သိရှိအောင် အများနဲ့ ထိတွေ့ ချပြရှင်းလင်း ပေးစေလိုကြောင်းနဲ့ တစ်ပိုင် တစ်နိုင် ကုန်သည်ငယ်များ ကုန်သွယ်မှု လုပ်ခြင်း အတွက် ကုမ္ပဏီကြီးများကို ထိခိုက် စေနိုင်မယ် မထင်ကြောင်း တင်ပြ ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

Source: နကသ (စစ်တွေ)စစ်တွေမောင်