ကုန်ပစ္စည်းစစ်ဆေးရာမှာ ပိုမိုမြန်ဆန်မှန်ကန်မှုရှိရန် ကုန်သည်လုပ်ငန်းရှင်များစနစ်ကျနရန်လိုအပ်

Tuesday, 25 December 2012 17:04

စားသုံးသူ အကာအကွယ်ပေးရေးနဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အတွက် တရားမဝင် ကုန်သွယ်မှုများ တားဆီး ထိန်းချုပ် နိုင်ရန် မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်နဲ့ မြဝတီ ကုန်သွယ်ရေး ဇုန်အနီး တစ်ဝိုက်မှာ လှုပ်ရှား ရှာဖွေ တားဆီး စစ်ဆေးရေး အဖွဲ့ Mobile Team နဲ့ တားဆီး ဆောင်ရွက်မှုများကို နိုဝင်ဘာလ ၂၀ ရက်နေ့က စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

Mobile Team အဖွဲ့ စတင် တာဝန်ယူချိန်မှ စပြီး ပထမ ၁၀ ရက်အတွင်းမှာ သစ်သီးမျိုးစုံ အမယ်လွဲ သယ်ဆောင်မှုများနဲ့ အတူ မုန့်များ သွင်းကုန် လိုင်စင်၊ အကောက်ခွန် သွင်းကုန် ကြေငြာလွှာတို့နဲ့ အမယ်လွဲ သယ် ဆောင်မှုများကို အများဆုံး တွေ့ရတယ်လို့ Mobile Team တာဝန်ခံ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက Commerce Journal သို့ို ပြောပြပါတယ်။

စားသောက်ကုန် ပစ္စည်း တင်ဆောင်တဲ့ ယာဉ်ငယ်၊ ယာဉ်လတ်များမှာ သွင်းကုန် လိုင်စင်၊ အကောက်ခွန် သွင်းကုန် ကြေငြာလွှာ မပါရှိတဲ့ စားသောက်ကုန် ပစ္စည်းများ တင်သွင်း သယ်ဆောင်မှုများတယ်။ ကုန်တင်ယာဉ်ကြီး တွေမှာလည်း သွင်းကုန် လိုင်စင်၊ အကောက်ခွန် သွင်းကုန် ကြေငြာလွှာပါ အမျိုးအစား၊ မော်ဒယ်၊ တံဆိပ်ထက် နိုင်ငံလွဲ၊ အရွယ်အစားလွဲ၊ ဖွဲ့စည်းပုံလွဲ ပစ္စည်းများ၊ ကြေငြာလွှာပါထက် ပစ္စည်းများ ပိုမို တင်ဆောင်မှုတွေကို စစ်ဆေးတဲ့ ယာဉ်များရဲ့ ၈၀ ရာခိုင်နှုန်းမှာ တွေ့နေ ရတယ်လို့လည်း ဦးသိန်းဝင်းက ပြောပါတယ်။

သွင်းကုန် လုပ်ငန်းရှင်တွေ အနေနဲ့ တင်သွင်းတဲ့ ကုန်ပစ္စည်း အမျိုးအစား၊ မော်ဒယ်၊ တံဆိပ်တို့ လွှဲမှားခြင်း မရှိစေရန် တင်သွင်းမဲ့ ပစ္စည်းနဲ့ သွင်းကုန် လိုင်စင်ပါ ကုန်ပစ္စည်းများကို မြဝတီ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ လိုင်စင် ဌာနနဲ့ ကုန်ပစ္စည်း နမူနာ၊ ကုန်ပစ္စည်း ဓါတ်ပုံများ ပြသပြီး အသေးစိတ် မေးမြန်းခြင်းကို လုပ်ဆောင်ပြီး မှသာ သွင်းကုန် လိုင်စင် လျှောက်ထားခြင်း၊ အကောက်ခွန် ဦးစီး ဌာနတွင် အခွန် ပေးသွင်းခြင်းများ ဆောင်ရွက် သင့်ကြောင်းနဲ့ ကုန်ပစ္စည်း သယ်ဆောင်ရာမှာလည်း မြန်ဆန်နိုင်မယ်လို့ Mobile Team အဖွဲ့ (၂) ခေါင်းဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဝင်းကဆိုပါတယ်။

ကုန်တင်ယာဉ်များ၊ မှန်လုံယာဉ်များ ပေါ်မှာ ကုန်ပစ္စည်း တင်ဆောင်ပါက ယာဉ် အကန့်အလိုက် တင်ဆောင်တဲ့ အိတ် တစ်လုံးချင်းမှာ ပါရှိတဲ့ ကုန်ပစ္စည်း အမျိုးအစား၊ အလေးချိန်၊ အရေအတွက် စတာတွေကို တစ်ခုချင်း တာလီ မှတ်သားတဲ့ စနစ်နဲ့ မှတ်သား သယ်ဆောင်မယ်ဆိုရင် စစ်ဆေးရေး အဖွဲ့က စစ်ဆေးချိန်မှာ လိုင်စင်၊ ID ၊Manifest ၊ ကုန်ပစ္စည်းပါ ယာဉ် သေတ္တာ အလေးချိန်၊ ယာဉ်လုပ်ငန်း၊ လိုင်စင်ပါ အလေးချိန်တို့နဲ့ တိုက်ဆိုင် စစ်ဆေးရာမှာ မြန်ဆန်မှု ရှိစေမယ်လို့လည်း ပြောပါတယ်။

ယာဉ် စစ်ကွင်းများမှာ စစ်ဆေးရေး တာဝန် ယူတဲ့သူများ အနေနဲ့လည်း လိုင်စင်၊ ID အတိုင်း မဟုတ်ပါက သယ်ဆောင်ခွင့် လုံးဝ မပေးရန်နဲ့ စတင် စစ်ဆေးချိန် ကတည်းက စနစ်တကျ စစ်ဆေးမယ်ဆိုလျှင် ပိုမို မြန်ဆန်ပြီး မှန်ကန်တဲ့ စစ်ဆေးချက်လည်း ရရှိစေနိုင်တယ်၊ ကုန်သည် လုပ်ငန်းရှင်များ၊ ကုန်သည်ငယ်များ အထိ မကြာခဏ ရှင်းလင်း အသိပေး ကြပ်မတ်ရန်နှင့် ကုန်သည်တို့ အနေနဲ့လည်း လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်တယ်လို့ သုံးသပ် ပြောကြားခဲ့ ပါတယ်။

Source: (လရ-၂)        MIRT (DOBT)