ရွှေကွမ်းလုံ၏ ငါးရှဉ့်ကုန်သွယ်ဒိုင်ဖွင့်လှစ်ခြင်းဖြင့် ချင်းရွှေဟော်စခန်း၏ ပို့ကုန်တိုးမြှင့်မည်

   ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လမှစတင်ပြီး ငါးရှဉ့်၊ ကဏန်းနဲ့ အခြားရေထွက်ကုန် ပစ္စည်းများကို တင်ပို့ လျက်ရှိပါတယ်။ လုပ်ငန်းစတင်ချိန်က ရေထွက်ပစ္စည်းတင်ပို့ခြင်းကို ကုမ္ပဏီ တစ်ခုတည်းကသာ ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ကုမ္ပဏီ (၉) ခုအထိ တိုးတက် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ မျက်နှာချင်းဆိုင် တရုတ်နိုင်ငံဘက် မိန်းတိန်မြိ့ုက တစ်ဆင့် ကုန်ပစ္စည်းများကို ကူမင်းသို့ တင်ပို့ပါက ရွှေလီ၊ ဝမ်တိန်တို့ထက် လမ်းကြောင်းတိုပြီး ကုန်ကျစရိတ် သက်သာတယ်လို့ ဆိုကြပါတယ်။

    ရွှေကွမ်းလုံ ကုမ္ပဏီအ နေနဲ့ ငါးရှဉ့် ကုန်စည်ဒိုင်ဖွင့်လှစ်ရန် ၎င်းကုမ္ပဏီပိုင် ချင်းရွှေဟော် နယ်စပ်အနီး နမ့်ဟူကျေးရွာရှိ မြေ (၇) ဧကပေါ်မှာ အဆောက်အဦများ စတင်ဆောက်လုပ်လျက် ရှိပါတယ်။ ယခုနှစ် နိုဝင်ဘာလ ကုန်မှာ စတင် ဖွင့်လှစ်ကာ လုပ်ငန်းဆောင်ရွက် နိုင်တော့မှာ ဖြစ်ပါတယ်။ ငါးရှဉ့် ရေလှယ်ခြင်းကို စံချိန်စံညွှန်း သတ်မှတ်ချက်နဲ့ အညီ ဆောင်ရွက်နိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာန၊ ငါးလုပ်ငန်း စစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေး ဌာနခွဲသို့ တင်ပြကာ နည်းပညာနဲ့ အကြံဉာဏ်များ တောင်းခံ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ ဒေသအာဏာပိုင်နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုလည်း လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ခွင့်ပြု တင်ပြ ထားပြီး ဖြစ်ကြောင်းလည်း ရွှေကွမ်းလုံ ကုမ္ပဏီရဲ့ မန်နေဂျာ ဦးပြုံးချိုမှ ပြောပါတယ်။

    ငါးရှဉ့် ကုန်စည် ဒိုင်ဖွင့်လှစ်ပြီးပါက ငါးရှဉ့်များ ရေလှယ်ခြင်း၊ အသေအမျော့ ရွေးခြင်း၊ ကဏန်းတာလှယ် ခြင်းများ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ချင်းရွှေဟော် စခန်း အနေနဲ့လည်း ရေထွက်ကုန် ပစ္စည်းများကို ယခင်ကထက် ပိုမို တင်ပို့ နိုင်တော့မှာ ဖြစ်ပါတယ်။ မိမိဘက်မှာ ဈေးကွက် ဖြစ်ပေါ်စေရေးနဲ့ ဈေးနှုန်းမှန် ရရှိရေး၊ စခန်းရဲ့ ကုန်သွယ်မှု ပမာဏ တိုးတက်ရေးတို့ကို အထောက်အကူပြု စေမယ့်အပြင် ဒေသခံပြည်သူများ အလုပ် အကိုင်ရရှိစေ မည်ဖြစ် ကြောင်းလည်း ဦးပြုံးချိုမှ ရှင်းလင်းပြောကြားပါတယ်။

    ဒါ့ကြောင့် ရွှေကွမ်းလုံကုမ္ပဏီရဲ့ ငါးရှဉ့် ကုန်စည်ဒိုင် ဖွင့်လှစ်ပြီးပါက ချင်းရွှေဟော်စခန်း၏ ပို့ကုန်ပိုမို တိုးမြှင့်လာမှာ ဖြစ်ပြီး ကုန်သွယ်မှု ပမာဏ လျာထားချက် ပြည့်မီကျော်လွန်ရေး အတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ပါတယ်။

                                                                                                                                                                                 အိုပါး (ချင်းရွှေဟော်)