စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံ ခန့်ခွဲသည့် အဖွဲ့အစည်း(CMOs)ဖွဲ့စည်းခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဇွန် ၃၀
စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း(CMOs) ဖွဲ့စည်းခြင်းဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့နံနက် ၁၀:၃၀ နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာန၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်းကိုယ်စားလှယ်များ၊ စာပေနှင့်အနုပညာကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၉၅)ဦး တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် CMOs ဖွဲ့စည်းမည့် အဖွဲ့အစည်းများအနေဖြင့် စာပေနှင့်အနုပညာဖန်တီးသူများကိုယ်စား ၎င်းတို့၏အခွင့်အရေး များကို စီမံခန့်ခွဲရာတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်များ၊ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကိုသိရှိရန်လိုအပ်ပါ၍ ဆွေးနွေးပွဲကိုကျင်းပခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီး စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေကို အကောင်အထည်ဖော်နိုင်ရန်အတွက် နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်နိုင်ခဲ့သည့်အပြင် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာစုပေါင်း စီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းနှင့် လျှောက်လွှာပုံစံများ၊ အခကြေးငွေ သတ်မှတ်ခြင်းများကို ထုတ်ပြန်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါစည်းမျဉ်းကို ထုတ်ပြန်ရခြင်းမှာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများက သက်ဆိုင်ရာစာပေနှင့်အနုပညာမူပိုင်ခွင့်ကဏ္ဍအလိုက် မူလလက်ရာရှင်များ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့်အခွင့်အရေးပိုင်ရှင်များ၏သဘောတူညီချက်အပေါ်အခြေခံပြီး ၎င်းတို့ထံအပ်နှံသည့် စာပေသို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်သူများ၊ ဖိုနိုဂရမ်များကို အသုံးပြုသူများထံမှ သင့်တင့်မျှတသော အခကြေးငွေကောက်ခံပြီး လက်ရာရှင်များထံ ပြန်လည်ခွဲဝေပေးခြင်းများကို အမြတ်အစွန်းအတွက် မရည်ရွယ်သောဝန်ဆောင်မှုဖြင့် စီမံဆောင်ရွက်ပေးနိုင်စေရန်ရည်ရွယ်၍ ထုတ်ပြန်ရခြင်းဖြစ်ပါကြောင်း၊ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများပေါ်ပေါက်လာခြင်းဖြင့် အသုံးပြုသူများက လက်ရာတစ်ခုခြင်းစီအတွက် မူပိုင်ခွင့်ပိုင်ရှင်တစ်ဦးစီထံမှ ခွင့်ပြုချက်ယူရန်မလိုဘဲ တစ်နေရာတည်းမှ အသုံးပြုခွင့်လိုင်စင်ရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ပိုင်ရှင်များအနေဖြင့်လည်း မိမိတို့၏လက်ရာ များအား မိမိတို့၏ခွင့်ပြုချက်မရှိပဲသုံးစွဲမှု၊ ချိုးဖောက်ခံရမှုများ လျော့နည်းလာမည်ဖြစ်ပြီး မူပိုင်ခများ ပုံမှန်ရရှိမည်ဖြစ်သည့်အတွက် Right Holderနှင့် User များအကြား နှစ်ဦး နှစ်ဖက် အကျိုးကျေးဇူးရရှိစေမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ စာပေနှင့်အနုပညာမူပိုင်ခွင့်၏ သဘောသဘာဝ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းကို သိရှိနားလည်ပြီး စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း များအနေဖြင့် မူပိုင်ခွင့်ပိုင်ရှင်များကိုယ်စားအခွင့်အရေးများကို ကောင်းစွာစီမံဆောင်ရွက်ပေးနိုင်ကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲ့သည့် အဖွဲ့အစည်းများ နှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
