ရွှေရောင်ရက်များ မဝေးလိုပါ....
ရုံးပိတ်ရက် ဖြစ်တဲ့ စနေနေ့..... မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ပျဉ်းမနားက အမျိုးအိမ်ကို အလည်ထွက်ခဲ့ ပါတယ်။ ရောက်ရောက်ချင်း ကြားလိုက်ရတဲ့ သတင်းက စိတ်မချမ်းသာ စရာပါပဲ။ သူတို့ အိမ်ဘေးက ဇော်ဇော်ဆိုတဲ့ (၈) နှစ်သားလေး ပျဉ်းမနား ဆေးရုံ တင်လိုက်ရတယ်တဲ့။ တရားခံက ဈေးထဲက သူ့အမေ ဝယ်လာတဲ့ မုန့်ထုပ်။ ကလေးက မုန့်စား ပြီးပြီးချင်းပဲ ဗိုက်တွေ အရမ်းနာလာလို့ ဆေးရုံကို အရေးပေါ် ပို့လိုက် ရတယ်တဲ့လေ။ ပရိဒေဝ မီးတွေ တောက်လောင်နေတဲ့ မိဘတွေကို ကြည့်ရင်း စာရေးသူ စိတ်မကောင်းခြင်း များစွာနဲ့ အတွေး နယ်ခဲ့ျမိပါတယ်။
အစားအသောက်နဲ့ ဆေးဝါး ထောက်ခံချက် လက်မှတ်မပါဘဲ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ စားသုံးရန် မသင့်တဲ့ စားသောက် ကုန်တွေကြောင့် စာရေးသူတို့ နိုင်ငံထဲက နိုင်ငံသူ နိုင်ငံသား လူကြီး လူငယ်မရွေး ဘယ်လောက်များ ဘေးတွေ့ သောကမီးတွေ ဝိုင်းနေရလဲ။ ကိုယ်ကျိုးရှာ ဝိသမ လောဘ သားတွေရဲ့ သားကောင်ဟာ အပြစ်မဲ့တဲ့ ကလေး သူငယ်လေးတွေ၊ ပြည်သူ ပြည်သားတွေ ဖြစ်သင့်ရဲ့လား။ ဒါဟာ အဖြေမလိုတဲ့ မေးခွန်းတစ်ခုပဲ ဖြစ်မှာပါ။ အစိုးရသစ် တက်လာတဲ့ အချိန်ကစလို့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကဏ္ဍ အသီးသီးမှာ Reform လို့ ခေါ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာတာကို အားလုံးပဲ သိရှိပြီး ဖြစ်ပါတယ်။ အဲဒီ ကဏ္ဍတွေထဲက နိုင်ငံ တစ်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး မောင်းနှင်အား (Growth of Engine)လို့ ခေါ်တဲ့ နိုင်ငံတကာ ကုန်သွယ်မှု ပိုင်းမှာလည်း ဖြေလျှော့မှုတွေ အများကြီး ပြုလုပ် ပေးခဲ့တာကို အားလုံးပဲ မြင်တွေ့ ကြားသိ လက်တွေ့ ခံစားကြရပြီး ဖြစ်ပါတယ်။
ကုန်သွယ်မှု အတွက် အခွန်အခများကို ဖြေလျှော့မှုများ ပြုလုပ် ပေးခဲ့သလို ပို့ကုန်/ သွင်းကုန် လိုင်စင်ဆိုင်ရာ ပြင်ဆင် ပြောင်းလဲမှုတွေ၊ လိုင်စင် သက်တမ်းနဲ့ ကုမ္ပဏီ သက်တမ်း ဖြေလျော့ ပေးမှုတွေ၊ Earning Transfer များ လွဲှပြောင်း ခွင့်ပြုတဲ့ ဖြေလျှော့ ပေးမှုစတဲ့ အခွန် အကောက် မဟုတ်တဲ့ အတားအဆီးများ (Non-Traiff Barriers-NTB) တွေကိုလည်း ဖြေလျော့ ပေးခဲ့ပြီး ကုန်သွယ်မှု ဆိုင်ရာ ဖြေလျော့မှု အပိုင်း (Trade Liberaliation) တွေကို ဦးစားပေး လုပ်ဆောင် ပေးခဲ့တယ် ဆိုတာ အားလုံး သိရှိကြမှာပါ။ ပြည်တွင်း ကုန်စည် စီးဆင်းမှု နှောင့်နှေး စေတယ်လို့ ကုန်သည်တွေ ထောက်ပြ ပြောဆိုကြတဲ့ ရေပူနဲ့ မရမ်းချောင် ကုန်ပစ္စည်း စစ်ဆေးရေး စခန်းတွေကိုလည်း အပြီးတိုင် ရုတ်သိမ်း ပေးခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ပို့ကုန် အပိုင်းကို ကြည့်ဦးမလား။ ပြည်တွင်း စားသုံး ဆီဖူလုံရေး အတွက် ပြည်ပကို တင်ပို့ဖို့ ယခင်က ပိတ်ထားတဲ့ နှမ်းနီ၊ နှမ်းညိုနဲ့ နှမ်းနက်တို့ကိုပဲ တင်ပို့မလား၊ အာရှမှာ Rice Bowl of Asiaဟေ့လို့ နာမည် ကျော်ခဲ့တဲ့ မြန်မာ့ တစ်ခေတ်ကို ပြန်ဆန်းသစ် စေဖို့ ဆန်ကိုပဲ တင်ပို့မလား၊ သွင်းကုန် အပိုင်းကို ကြည့်မယ်ဆိုရင် FDA ထောက်ခံချက် ပါရှိပါက စားသုံးဆီများ၊ ယခင် ကန့်သတ် ကုန်ပစ္စည်း (၅) မျိုးဖြစ်တဲ့ အချိုမှုန့်၊ အချိုရည်၊ ဘီစကစ် မျိုးစုံ၊ စည်သွပ်ဘူးများ (အသားနှင့် သီးစုံ)၊ ခေါက်ဆွဲခြောက် အမျိုးမျိုးတို့ကို တင်သွင်းမလား ခွင့်ပြု ပေးထားတာကို တွေ့ရပါတယ်။
အဲဒီလို တစ်ပြည်ထောင်ဖွား တိုင်းရင်းသားတွေ အားလုံးအတွက် လုပ်သာ ကိုင်သာရှိအောင် ဖြေလျော့မှုတွေ အမျိုးမျိုး လုပ်ပေး နေရဲ့သားနဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ဆက်စပ်တဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ် ထွက်ပေါက်တွေမှာ ဘာကြောင့် တရားမဝင် ကုန်သွယ်မှု အရပ် စကားပြောရရင် မှောင်ခိုတွေ ကြောက်ခမန်း လိလိ ဖြစ်ပေါ်နေတာလဲ။ အခွန်တွေ များလွန်းလို့ အဆင့်ဆင့် ဖြတ်ကျော်ရမဲ့ ပို့ကုန်/ သွင်းကုန် လုပ်ငန်း စဉ်တွေက ရှည်လို့... လမ်းမှာ ကုန်စစ်စင်တွေက စစ်တာကြာလို့... ဆိုတဲ့ အရင်တုန်းက ဆင်ခြေတွေ ကလည်း သိပ်ပြီး ကျိုးကြောင်း ဆီလျော်မှု မရှိတော့ဘဲ အမြတ်ကြီးစား အလွယ်လမ်း လိုက်ချင်တဲ့ ဝိသမလောဘက အရင်းခံ နေတာကြောင့်ပဲဆိုတာ တွေ့နေရ တာပါ။
မြန်မာ့ နယ်စပ် တစ်လျှောက် ထိုင်းနယ်စပ်နဲ့ တရုတ် နယ်စပ်တို့ကနေ တရားမဝင် ကုန်သွယ်မှုတွေ အများအပြား စီးဆင်းနေတယ်လို့ သိရှိရပြီး အဲဒီလမ်းကြောင်းတွေကို ပိတ်ဆို့နိုင်ပါက နိုင်ငံအတွင်းသို့ စားသောက်ကုန် အတုများနဲ့ ဆေးဝါးအတုများ ဝင်ရောက်မှုတွေ ကျဆင်း လျော့ပါး လာနိုင်ပါတယ်။ နိုင်ငံ အတွင်းက အသေးစားနဲ့ အလတ်စား လုပ်ငန်းများလဲ ပြည်ပမှ ကုန်ပစ္စည်း အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်မှု ကနေ သက်သာ လာနိုင်မှာ ဖြစ်ပါတယ်။
၂ဝ၁၅ ခုနှစ် အာဆီယံ အသိုင်းအဝိုင်းကြီးမှာ သိက္ခာရှိရှိ လွတ်လပ်စွာ ကူးသန်း ရောင်းဝယ်နိုင်ဖို့ မှောင်ခို ကင်းဝေးတဲ့ ပတ်ဝန်းကျင် တစ်ခုကို အပူတပြင်း လိုအပ်နေချိန် စားသုံးသူ ကာကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတွေ လျော့နည်း ကျဆင်းစေရေး အတွက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့တွေကို ဖွဲ့စည်းပြီး မူဆယ်- မန္တလေး လမ်းကြောင်းနဲ့ မြဝတီ- ရန်ကုန် လမ်းကြောင်းတွေမှာ တရားမဝင်ကုန်သွယ်မှုတွေကို စစ်ဆေးဆောင်ရွက်ပညာပေးနေပြီလို့ သတင်းကြားတော့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်လို့ ရိုးရိုးလေး နားလည် လက်ခံမိပါရဲ့။ တရားမဝင် သယ်ဆောင်လာတဲ့ အစားအသောက်နဲ့ ဆေးဝါး ထောက်ခံချက် မပါတဲ့ အသားတုတွေ၊ အေးခဲကြက်သား၊ ကြက်အဆီဘူး၊ ဝက်အူ ချောင်းတွေ၊ ပုဇွန်ဖြူစတဲ့ ကန့်သတ် စားသောက်ကုန်တွေကို မီးရှို့ ဖျက်ဆီး ပစ်တယ်တဲ့။ ကြည့်စမ်း ဒီပစ္စည်းတွေသာ ဈေးကွက်ထဲ ရောက်သွားလို့ ကတော့ ဇော်ဇော့်လိုမျိုး ကလေး ဘယ်နှစ်ယောက်များ ဆေးရုံ ရောက်ဦးမှာလဲ၊ စားသုံးသူတွေ အတွက် အဆိပ်နဲ့ တူတဲ့ ကုန်ပစ္စည်းတွေ ပြည်တွင်း ဈေးကွက်ထဲ မဝင်ရောက်နိုင်အောင် တားဆီး ပေးနိုင်တာကိုပဲ စာရေးသူတို့ ပြည်သူတွေက ကျေးဇူးတင်ရမှာ ပါပဲ။ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ကာလ နှစ်ခု ခွဲခြား လုပ်ဆောင်မယ်လို့ သိရှိရပါတယ်။ မူဆယ်- မန္တလေး လမ်းကြောင်းပေါ်က အဖွဲ့ (၁) ရဲ့ ပညာပေးကာလအဖြစ် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိကို သတ်မှတ်ထားပြီး အဖွဲ့ (၂) ရဲ့ ပညာပေးကာလကတော့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့ကနေ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့ထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အဲဒီ ကာလများ အတွင်း ဖမ်းဆီး ရမိရင် ခွင့်ပြုကုန် ဖြစ်ပါက လိုင်စင် ပြန်လည် လုပ်ပေးခြင်း၊ အခွန် ဆောင်စေခြင်းတို့ကို ပြုလုပ်ပေးပြီး ကန့်သတ်ကုန် ဖြစ်ပါက ဖျက်ဆီး/ သိမ်းဆည်းခြင်း တို့ကို ပြုလုပ်ပေးလျက် ရှိကြောင်း သိရှိရပြီး ပညာပေး ကာလ ကျော်လွန်သွား ပါက ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူ သွားမယ်လို့ သိရှိရပါတယ်။
၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က မြဝတီ- ရန်ကုန် လမ်းကြောင်း ပေါ်မှာ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (၂) က ဒိုက်ဦး- မြစ်ကျိုး၊ လမ်းသစ် လမ်းဟောင်း လမ်းဆုံမှ Spot Check စစ်ဆေး နေတုန်း ဖြတ်သန်း ယာဉ်ပေါ်မှာ ကန့်သတ် ကုန်ဖြစ်တဲ့ ဘီယာနဲ့ ပဲနို့၊ စားဆီ၊ အချိုရည်၊ ဆပ်ပြာမှုန့်၊ ခနောက်စိမ်း၊ နို့ဆီ၊ ခေါက်ဆွဲခြောက်၊ ချိုချဉ်နဲ့ ဒူးရင်းသီးတွေကို လိုင်စင်မဲ့ သယ်ဆောင် လာတာကို သိမ်းဆည်း ရမိခဲ့တယ်လို့ သိရှိ ရပါတယ်။
ဝိသမလောဘ သားတွေကတော့ အဲဒီလို သယ်တာ မှောင်ခို မဟုတ်ပါဘူးတဲ့။ တစ်နိုင် တစ်ဆွဲ ပါတဲ့လေ။ ရိုးရိုး သားသားမရှိလို့ လုပ်စားတာပါတဲ့။ အဲဒီလို တစ်နိုင်တစ်ဆွဲ ကုန်သွယ်ချင်တယ် ဆိုရင်လည်း ဒေသခံ ပြည်သူများ ကုန်သွယ်ရာမှာ ပိုမို လျင်မြန်ချောမွေ့ စေဖို့ တစ်ဦးတည်းပိုင် ထုတ်ကုန်/ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကဒ် (Individual Trading Card-ITC) တွေကို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်၊ မြဝတီ ကုန်သွယ်ရေး ဇုန်နဲ့ တမူး နယ်စပ် ကုန်သွယ်ရေး စခန်းတွေကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ ကစလို့ ထုတ်ပေး နေပြီဆိုတာ မသိဘူးလားလို့ မေးလိုက်ချင် ပါတယ်။ စာရေးသူ ဒီနေရာမှာ ပြောချင် တာကတော့ အတိတ်မှာ မည်သို့ပင် အရိပ်မည်းကြီး ရှိစေကာမူ အကောင်းဆုံး ဆိုတဲ့ မနက်ဖြန်တွေကို အရောက်သွားဖို့ အရေးကြီးပါတယ်။
နိုင်ငံတော်က ဖြေလျော့မှုတွေပေးပြီ၊ မသမာမှုတွေကို တားဆီးမဲ့ တရားမဝင် တားဆီး ထိန်းချုပ်ရေး အဖွဲ့တွေ ရှိပြီ၊ ဒေသခံ ကုန်သည်လေးတွေ အတွက် ဆုလာဒ် အဖြစ် ICT ကဒ်တွေလည်း ထုတ်ပေးနေပြီ။ ကဲ.. အရင်တုန်းကလို အမှောင်ထဲမှာပဲ မနေကြပါနဲ့တော့။ အားလုံးပဲ ညီညီညွတ်ညွတ် စည်းစည်း လုံးလုံးနဲ့ အလင်းရောင် ထဲကနေ မှောင်ခိုဝေးဝေး အချောင်ခိုစိတ် မမွေးဘဲ နိုင်ငံတော်သစ်ကြီး ဆီကို လျှောက်လှမ်း ကြပါစို့။ စည်းကမ်းတကျ သိက္ခာရှိရှိနဲ့ ကူးသန်း ရောင်းဝယ်မှုတွေ ပြုပါစို့။ အဲဒီလိုသာ ဆိုရင် ဝိသမ လောဘ သားတွေရဲ့ ကိုယ်ကျိုးရှာ တရားမဝင် ကုန်သွယ်မှုတွေ ပပျောက်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန်၊ ဘေးထွက် ဆိုးကျိုးမရှိတဲ့ လူသုံးကုန်တွေ သုံးစွဲပြီး ကျန်းမာရွှင်လန်း နေတဲ့ နိုင်ငံသူ/ နိုင်ငံသားတွေကို မြင်တွေ့ ရမယ့် မဝေးတော့တဲ့ ရွှေရောင် နေ့ရက်တွေကို မြင်ရတော့မှာ ပဲလို့ မျှော်ကြည့်ရင်း ဆေးရုံပေါ်က သားငယ်လေး ဇော်ဇော် အမြန်ဆုံး နေကောင်းပါစေလို့ တိုးတိုးလေး ဆုတောင်းမိပါတယ်။
စုစံ (ကမရ)