ဘာကြောင့်လဲ
Mobile Team အနေနဲ့ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်စည် စီးဆင်းမှုများကို တားဆီးခြင်းဖြင့် ကုန်သွယ်မှု တိုးတက် စေရေးတို့ အတွက် လှုပ်ရှား ရှာဖွေ တားဆီး စစ်ဆေးရေး အဖွဲ့ (၂) ဖွဲ့ကို မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်းနဲ့ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းများမှာ တာဝန် ချထား ဆောင်ရွက် စေလျက်ရှိ ပါတယ်။ လှုပ်ရှား ရှာဖွေ တားဆီး စစ်ဆေးရေး အဖွဲ့ Mobile Teamများကို နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ သက်ဆိုင်ရာ နယ်စပ် ကုန်သည် အသင်းနဲ့ Media များမှ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်း ပေးထားတာ ဖြစ်ပါတယ်။
မူဆယ်- မန္တလေး လမ်းကြောင်းမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ ၁ ရက်နဲ့ မြဝတီ- ရန်ကုန် လမ်းမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ တို့က Mobile Teamအဖွဲ့ များနဲ့ ပညာပေး စစ်ဆေးမှုများကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပညာပေး ကာလ (၂)လ ပြည့်တဲ့ အချိန်က စပြီး အရေးယူမှုများကို စတင် ဆောင်ရွက်တော့မယ် ဆိုတာကို TV သတင်း၊ သတင်းစာနဲ့ ဂျာနယ်တွေမှာ အတိအလင်း ထုတ်ပြန် ထားပြီးဖြစ် ပါတယ်။
ပညာပေး ကာလ (၂)လ နီးပါး ရှိနေပြီ ဖြစ်တဲ့ မြဝတီ- ရန်ကုန် လမ်းကြောင်း ပေါ်မှာ နေ့စဉ်နဲ့ အမျှ ခရီးသည် တင်ယာဉ် ကုန်တင် ယာဉ်များကို Spot Check စစ်ဆေးပြီး အကောက်ခွန်မဲ့၊ ကန့်သတ်ကုန်၊ လိုင်စင် အပို/ အလွဲ ပစ္စည်းများကို ယာယီ ထိန်းသိမ်း ထားလျက်ရှိ ပါတယ်။ သက်ဆိုင်ရာ စခန်းမှာ လိုင်စင် ပြန်လည် လျှောက်ထားပြီး အထောက်အထား စာရွက်စာတမ်း ပြသနိုင်တဲ့ အခါမှာ ယာယီ ထိန်းသိမ်းထားတဲ့ ပစ္စည်းများကို ပြန်လွှဲပေးလျက် ရှိပါတယ်။ စားသုံးရန် မသင့်သော ပုပ်သိုးလွယ် ပစ္စည်းများကို အဖွဲ့နဲ့ မီးရှို့ ဖျက်ဆီးမှုများ လုပ်ဆောင်ပြီး ကန့်သတ် ကုန်များကိုတော့ သက်ဆိုင်ရာ မြို့နယ် အကောက်ခွန် ဌာနသို့ လုပ်ထုံး လုပ်နည်းနဲ့ အညီ လွှဲအပ်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့ မှာတော့ သတင်း ရရှိတဲ့ အတွက် ဘုရားကြီး ကျေးရွာ၊ လမ်းဟောင်းမှ အမြန်လမ်းကို ဖြတ်တဲ့လမ်း သံလမ်းဘေးသို့ သွားရောက် စစ်ဆေးတဲ့ အခါမှာ ကျောက်ချကွင်း အနီး စုပုံ ထားရှိတဲ့ ဘီယာ (Leo) ၉၅၀ ကတ်၊ ဘီယာ (Heineken) ၅၄၀ ကတ်၊ ဘီယာ (Singha) ကတ် ၂၀ဝ ခန့်၊ ဘီယာ (Folsom) ၇၀ ကတ်၊ ဘီယာ (Diablo) ကတ် ၄၀ နဲ့ ပဲပုတ်စေ့ ဆီ ၁၃ ဒသမ ၇၅ ကီလို ဂရမ်ပါ ပုံး ၆၀ဝ ခန့်ကို တွေ့ရှိရတဲ့ အတွက် Mobile Team အဖွဲ့မှ တာဝန်ရှိ သူများဟာ အဆိုပါ ဘီယာနဲ့ ပဲပုတ်စေ့ဆီ များကို သိမ်းဆည်းပြီး ရန်ကုန် တိုင်းဒေသကြီး အကောက်ခွန် အဖွဲ့သို့ အပ်နှံရေး ဆောင်ရွက် ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ စားဆီပုံး တွေကိုတော့ FDA ရဲ့ ထောက်ခံချက် နဲ့ လိုင်စင် လျှောက်ထားပြီးတဲ့ အခါမှာ ပြန်လည် လွှဲအပ်ပေးမယ်လို့ သိရပါတယ်။
ဒီပစ္စည်းတွေကို ကြည့်တဲ့ အခါ ကန့်သတ်ကုန် ဘီယာ အများစု ပါရှိနေပြီး တင်သွင်းခွင့် ပြုထားပြီး ဖြစ်တဲ့ စားဆီများ ကိုလည်း တွေ့နေရ ပါတယ်။
တရားဝင် လမ်းကြောင်းမှ ကုန်သွယ်လို့ ရတဲ့ ပစ္စည်းများကိုသာ ကုန်သွယ်မှု ပြုရန်နဲ့ တရားဝင် တင်ပို့/ တင်သွင်း ခွင့်ရှိတဲ့ ပစ္စည်းများကိုသာ ရိုးရိုး သားသား မှန်မှန် ကန်ကန်နဲ့ ကုန်သွယ်မှု လုပ်သင့်တဲ့ အချိန် ရောက်ရှိနေပြီ ဖြစ်ပါလျက် ယခုကဲ့သို့ ဘာကြောင့် လုပ်ဆောင် နေရတာလဲ ဘာကြောင့်လဲ ဆိုတာ သိချင်နေမိ ပါတော့တယ်။
Source: v&-2 = MTN