ဖွံ့ဖြိုးတိုးတက်မြန်မာ့သရက်

မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး သရက်သီးထုတ်လုပ်နိုင်ဖို့နဲ့ ပြည်ပပို့အရည်အသွေးမီ သရက်သီးများ ထုတ်လုပ်နိုင်ဖို့အတွက် FAO မှ ပံ့ပိုးကူညီပေးမယ် လို့သိရပါတယ်။ FAO အပြင် ထိုင်းနိုင်ငံ သရက်သီးကျွမ်းကျင်သူများအသင်း(Mango Association of Thai)မြန်မာနိုင်ငံ သစ်သီးဝလံဟင်းသီးဟင်းရွက် တင်ပို့ ရောင်းချသူများအသင်း(MFVP)  နဲ့ မြန်မာနိုင်ငံစိုက်ပျိုးရေး လုပ်ငန်းတို့အဖွဲ့ လေးဖွဲ့ပူးပေါင်းကာ မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး သရက်သီး ထုတ်လုပ်နိုင်ဖို့စီစဉ်နေပြီဖြစ်တယ်။ ယခုလိုတစ်နှစ်ပတ်လုံး သရက်သီးတွေ စိုက်ပျိုးထွက်ရှိဖို့အတွက် မြန်မာနိုင်ငံရှိ သရက်စိုက်ပျိုးသူတွေကို နည်းပညာ ပံ့ပိုးကူညီပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ မန္တလေးရှိသရက်ခြံငါးခြံမှာ သရက်ကင်းတွေကို စက္ကူ အိတ်စွပ်ခြင်းလုပ်ငန်းကို ယခု သရက်သီးရာသီမှအစပြုပြီး သရက်သီး စိုက်ပျိုးသူတွေကို ပညာပေးလုပ်ကိုင်စေမှာဖြစ်ပါတယ်။ ဒါ့ပြင် အိတ်စွပ်ခြင်းနဲ့ အဖျက်ရောဂါကင်းစင်ပြီး အရောင်အဆင်းပိုမိုလှပတဲ့ အသီးတွေရနိုင်ကြောင်း ပညာပေးသွားမှာဖြစ်ကြောင်း ကြားသိရပါတယ်။
မြန်မာ့သရက်သီးကို တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့နေရာဈေးကွက်ရရှိထားပြီး ဖြစ်ပါတယ်။ သရက်သီးက အချိန်နဲ့ တပြေးညီဈေးကွက်ကို မျက်နှာပန်းလှလှတင်ပို့ရမဲ့ သစ်သီးဝလံဖြစ်ရာ လေ ကြောင်းခရီးစဉ်နဲ့ အခြားနိုင်ငံတွေကို တင်ပို့ကြပါတယ်။ ယခုဘဏ္ဍာနှစ်မှာ တန်သုံးရာကျော်  Singapore ကို လေကြောင်းမှ တင်ပို့ထားကြောင်း သိရှိရပါတယ်။ သရက်သီး ကိုထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေကိုတင်ပို့ပြီး စိန်တလုံးသရက်မှာ လူကြိုက်များလျက် ရှိကြောင်း သိရပါတယ်။ သရက်သီးက အဆင်း၊ ရနံ့၊ အရသာပြည့်စုံ လှတဲ့သစ်သီးဝလံဖြစ်ပါတယ်။ သရက်သီးစားသုံးခြင်းနဲ့ သွေးအတွင်းကို လက်စထရောလျော့ကျစေပြီး အရွယ် တင်နုပျိုစေကြောင်း လေ့လာသိရှိရပါတယ်။
အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဘက်လို့တင်စားပြောဆိုတဲ့စကားအတိုင်း စိန်တလုံး သရက်မှာ အကောင်းဆုံးမြန်မာ့သရက်သီးဖြစ်ပြီး၊ ကမ္ဘာကျော်ဖြစ်ပါတယ်။ အမျှင်ကြောများကင်းစင်ခြင်း၊ အရသာကောင်းမွန် ခြင်း၊ ပုံစံလှပခြင်းတို့မှာ စိန်တလုံးသရက်ရဲ့ ဂုဏ်သတ္တိတွေဖြစ်ပါတယ်။ သရက်သီးကို သဘာဝအတိုင်းအမှည့်စားသုံးခြင်း၊ အစိမ်းစားသုံးခြင်းတို့အပြင် သရက်ပြား၊ သရက်ဖျော်ရည်၊ သရက်သီးချဉ်၊ သရက် သီးသနပ် အစရှိတဲ့အမျိုးမျိုးပြုလုပ်သုံးစွဲ လျက်ရှိရာ ပင်ကိုယ်အရည်အသွေးကောင်း မွန်ပြီးဖြစ်တဲ့ သရက်သီးတွေကို တိုးတက်တဲ့ ခေတ်မီနည်းပညာတွေနဲ့ ထုတ်ပိုးမှု ကောင်းကောင်းထုတ်လုပ်တော့မှာဖြစ်ပါတယ်။ သဘာ၀ အတိုင်းတင်ပို့တဲ့အပြင် ပိုလျှံတဲ့ သရက်သီးတွေကိုလည်း အလဟသမဖြစ်စေဘဲ တန်ဖိုးမြှင့်ပို့ကုန် (Valued Added Product) အဖြစ်တီထွင် ထုတ်လုပ်တင်ပို့ရောင်းချခြင်းနဲ့ အနာဂတ်မှာ တိုင်းပြည်ဘဏ္ဍာငွေတိုးတက် ရှာဖွေ ပေးနိုင်တော့မယ့် ထွက်ကုန်အမယ်ဖြစ်တာကြောင့် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပေးရေးသားတင်ပြ အပ်ပါတယ်။
နွဲ့နွဲ့ဌေး