နောက်ဆုံးရ သတင်း

ဘဏ္ဍာနှစ်သစ်အစ ဧပြီလ ၁ ရက်မှ ၇ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၆၃၅ တန်ကျော် တန်ဖိုး ဒေါ်လာ ၅ ဒသမ ၇၅၃ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လကုန်အထိ ရော်ဘာတင်ပို့မှု နည်းနေခဲ့ပေမယ့် ဘဏ္ဍာနှစ်သစ် အစမှာ တင်ပို့အားပြန်လည်ကောင်းလာတာ ဖြစ်ပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေကတော့ တရုတ်ကို တန် ၅၆၀၊ ဗီယက်နမ်ကို တန် ၂၀၀၊ ကိုရီးယားကို ၃၀၂ တန်၊ စင်ကာပူကို တန် ၄၀ နဲ့ မလေးရှားကို ၅၃၃ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ နိုင်ငံအလိုက်ရော်ဘာတင်ပို့မှုတွေကတော့ တရုတ်ကို ၈၈၄၅ တန်၊ အိန္ဒိယ ကို တန် ၄၀ နီးပါး၊ မလေးရှားကို ၁၂၂၂၅ တန်နီးပါး၊ ပါကစ္စတန်ကို ၇၅ တန်၊ စင်ကာပူကို ၉၆၆၆ တန်၊ အာရပ် စော်ဘွားများ များပြည်ထောင်စုကို ၄ တန်၊ ဗီယက်နမ်ကို ၂၆၆၆ တန်၊ မက္ကဆီကို ကို တန် ၂၀ နဲ့ ဆွစ်ဇာလန်ကို တန် ၁၆၀၊ စုစုပေါင်းတန်ချိန် ၃၃၇၀၁ တန်နဲ့ တန်ဖိုးကန်ဒေါ်လာ ၁၃၀ ဒသမ ၃၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ရော်ဘာ ၄၅၁၀၉ တန်နဲ့ တန်ဖိုး ကန်ဒေါ်လာ ၁၈၀ ဒသမ ၆၉ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ K.Z.W

၂၀၁၁ သြဂုတ်လမှ နိုဝင်ဘာလအထိ  ၄ လကျော်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ကျဆင်းပြီးနောက် ၂၀၁၁ ဒီဇင်ဘာလမှ ၂၀၁၂ မတ်လအထိ ၄ လအတွင်း ဆန်ဈေးနှုန်း ၆ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ခြင်းကလွဲပြီး ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ ၈ ရာခိုင်နှုန်း ခန့် မြင့် တက်ခဲ့ပါတယ်။ အဲဒီလိုမြင့်တက်ခြင်းဟာ ရေနံဈေးနှုန်း ပိုမိုလာခြင်း၊ ရာသီဥတုအခြေအနေ ဆိုးရွားလာခြင်းနဲ့ ယခုနှစ် အာရှနိုင်ငံများက စားနပ်ရိက္ခာတင်သွင်းမှုကို များစွာမှီခိုလာတာ ကြောင့်လို့ ဆိုပါတယ်။ယခုနှစ် စားနပ်ရိက္ခာထုတ်လုပ်မှု ပိုမိုမယ်လို့ ခန့်မှန်းထားခြင်း မမှန်ကန်ခဲ့ရင် ဈေးနှုန်းပိုမိုမြင့်တက်မှာဖြစ်လို့  နိုင်ငံအသီးသီးအနေနဲ့ သတိထားဖို့လိုတယ်လို့ ကမ္ဘာ့ဘဏ်မှ သတိပေးပြောကြားပါတယ်။ ၄ လတစ်ကြိမ် စားနပ်ရိက္ခာဈေးနှုန်း စောင့်ကြည့်အစီရင်ခံစာအရ ၂၀၁၁ ဒီဇင်ဘာနဲ့ ၂၀၁၂ မတ်လအတွင်း ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ဟာ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်ကတော့ ရောင်းချမှု တိုးတက်လာတာကြောင့် ဈေးမြင့်တက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ပြောင်းဈေးနှုန်းဟာ ၉ ရာခိုင်နှုန်း၊ ပဲပုပ်ဆီဈေးက ၇ ရာခိုင်နှုန်း၊ ဂျုံဈေးက ၆ ရာခိုင်နှုန်း၊ သကြားဈေးက ၅ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ဆန်ဈေးက ၆ ရာခိုင်နှုန်း ကျဆင်းကာ ရေနံဈေးက ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
၄ လအကြာ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းပြီးနောက် တစ် ဖန်ပြန်လည်မြင့်တက်မှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံများက လူဦးရေသန်းပေါင်း များစွာရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေတာမို့ စားနပ်ရိက္ခာကို ပထမဦးစားပေးဆောင်ရွက်သင့် တယ်လို့ ကမ္ဘာ့ဘဏ်ဒုတိယဥက္ကဋ္ဌမှ ဆိုပါတယ်။ မတ်လအတွင်း ဈေးနှုန်းနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာဈေးနှုန်းကို နှိုင်းယှဉ်ရင် အကြီးဆုံးပြောင်းလဲမှုအနေနဲ့ တန်ဇန်းနီးယားမှာ ဆန် ဈေး ၃၄ ရာခိုင်နှုန်း၊ ယူဂန်ဒါမှာ ၁၉ ရာခိုင်နှုန်း၊ Nicaragua မှာ ၁၁ ရာခိုင်နှုန်းနဲ့ ပါကစ္စတန်မှာ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အဲဒီကာလတူအတွင်း ဆန်ဈေးကျဆင်းတဲ့ နိုင်ငံတွေကတော့ အများ ဆုံးအနေနဲ့ ကမ္ဘောဒီးယားက ၁၈ ရာခိုင်နှုန်း၊ ဆိုမာလီယာက ၁၄ ရာခိုင်နှုန်းနဲ့ ကွန်ဂိုမှာ ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ တယ်လို့ သိရပါတယ်။
ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ဆန်ဈေးအများဆုံးတိုးခဲ့တဲ့နိုင်ငံများမှာ ယူဂန်ဒါက ၁၂၅ ရာခိုင်နှုန်း၊ တန်ဇန်းနီးယားက ၅၄ ရာခိုင်နှုန်း၊ ရဝမ်ဒါမှာ ၃၈ ရာခိုင်နှုန်း၊ ပါကစ္စတန်မှာ ၂၆ ရာခိုင်နှုန်း၊ မာလီမှာ ၂၅ ရာခိုင်နှုန်းနဲ့ အင်ဒိုနီးရှားမှာ ၁၅ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရ ပါတယ်။ အဓိကအားဖြင့် နိုင်ငံရေး မတည်ငြိမ်ခြင်းနဲ့ ရာသီဥတု ဆိုးဝါးတဲ့ အခြေအနေတို့ကြောင့် စားနပ်ရိက္ခာတင်သွင်းနေရတဲ့ အာဖရိကနိုင်ငံများမှာ စားနပ်ရိက္ခာဈေးနှုန်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
လမင်း
Source: oryza.com

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအနေနဲ့ ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ စိစစ်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ကုန်ပစ္စည်းအမယ်များ၊ ယူနစ် (Unit) သတ်မှတ်ချက်များကို အာဆီယံစည်းဝါးညီ အကောက်ခွန်နှုန်းအမည်ပေးစနစ်ကို ယခင်က H.S Code 2007 Version ဖြင့် ဆောင်ရွက်လျက်ရှိရာမှ ယခု ၁-၄-၂၀၁၂ ရက်မှစတင်၍ H.S Code 2012 Version  စနစ်ကိုပြောင်းလဲဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ အကောက်ခွန်ဦးစီးဌာန၊ ဆိပ်ကမ်းစစ်ဆေးရေးနဲ့ ဗဟိုစာရင်းအင်းအဖွဲ့တို့မှာလည်း စာရင်းဇယားပြုစု တဲ့ပုံစံတွေကို အာဆီယံစည်းဝါးညီ အမည်ပေးစနစ်အတိုင်း အာဆီယံနိုင်ငံများက သိရှိထားတဲ့ အသုံး အနှုန်းများအတိုင်း လိုက်နာကျင့်သုံးကြတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် H.S Code 2012 Version စနစ်သစ်မှာ ကုန်ပစ္စည်းအမယ်တွေရဲ့ Unit Code အမျိုးအစား ၁၂ မျိုးကို Harmonized System  လိုင်းများအလိုက် စံသတ်မှတ်ထားရှိပြီးဖြစ်တဲ့အတွက် ပြည်ပကုမ္ပဏီများနဲ့ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းဆောင် ရွက်နေတဲ့ Invoice, Sales Contract  ဆောင်ရွက်တဲ့အခါနဲ့ ပို့ကုန်၊ သွင်းကုန် လိုင်စင်များ လျှောက်ထားကြတဲ့အခါ အဆိုပါ H.S Code  စံသတ်မှတ် ချက်အတိုင်းလျှောက်ထားကြရမယ်လို့သိရှိရပါတယ်။ ယခုအခါ ကုန်ပစ္စည်းအလိုက် Kilogrammes ရဲ့ Unit Code ကို (Kg)၊ Carat ရဲ့ Unit Code ကို (Carat)၊ Meters ရဲ့ Unit Code ကို (m)၊Square Meters  ရဲ့ Unit Code ကို (m2)၊ Cubic Meters ရဲ့ Unit Code ကို  (m3)၊ Litres ရဲ့ Unit Code ကို (L)၊ 1000 Kilowatt hours ကို (1000 kWh)၊ Pairs  ရဲ့ Unit Code ကို (2u)၊ Dozens ရဲ့ Unit Code ကို (12u)၊ Thousands of pieces/items  ရဲ့ Unit Code ကို (1000u) နဲ့ Packs ရဲ့ Unit Code ကို u(jeu/pack) နဲ့ စံသတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် အာဆီယံစည်းဝါးညီအကောက်ခွန်နှုန်း အမည်ပေးစနစ် (The Harmonized System) ကို ကုန်သွယ်မှုဆိုင်ရာ တင်ပို့၊ တင်သွင်းသူလုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်သူများအကြား တင်ပို့၊ တင်သွင်း သည့်ကုန်ပစ္စည်းအမည်ကို ရှင်းလင်း လွယ်ကူစေရန်အတွက် တညီတညွတ်တည်းသတ်မှတ်ရန် အာဆီယံ နိုင်ငံများအကြား ကုန်သွယ်မှုအခြေအနေ၊ ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်းထုတ်လုပ်သည့် လက်ရှိအခြေအနေများကို ပြန်လည်သုံးသပ်၍ ဆွစ်ဇာလန်ရှိ ကမ္ဘာ့အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေး WCO  မှာ ကုန်ပစ္စည်းအမျိုး အစားအလိုက်ပြင်ဆင်ချက်များကို ညှိနှိုင်းအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် H.S Code ပြင်ဆင်ချက် စာအုပ်တွင် Section ၂၁ ခု၊ Chapter ၉၇ ခု ပါဝင်ပြီး ယခု Version စာအုပ်သစ်တွင် မြန်မာနိုင်ငံ ငါး၊ ပုစွန်ဆိုင်ရာ အမည်လိုင်းသစ် ၃၃ လိုင်း၊ ကျောက်မျက်ပစ္စည်း လိုင်းသစ် ၅လိုင်းကို အသစ်ပြင်ဆင်ခဲ့တယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။    
မအေးအေး (ကမရ)

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်စေရေး ရည်ရွယ်လျက် ထိုင်းကုန်စည်ပြပွဲကို ၂၀၁၂ ခုနှစ်၊ ဧပြီ ၇ ရက်မှ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့ရှိ ထိုင်းစီးပွားရေး သံမှူး ရုံးမှ ကြီးမှူးပြီး ကျင်းပမည်ဖြစ်သည်။ ၎င်းင်းပြပွဲတွင် ထိုင်းနိုင်ငံကုမ္ပဏီကြီး ၁၀၀ခန့်မှ ပြခန်းပေါင်း ၁၅၄ ခန်းဖြင့် လူသုံး၊ အိမ်သုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊အဝတ်အထည်များ၊ အိမ်တွင်း အလှဆင်ပစ္စည်းများ၊ Service Trade  စသည်တို့ကို ပါဝင်ပြသမည်ဖြစ်ပါသည်။
ပြပွဲရက်များအတွင်း Exhibitor များနှင့် ပွဲတက်ရောက်သူများ၊ နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်နိုင်မည့် Business Opportunity အစီအစဉ်များကို ပြုလုပ်နိုင်ရန်လည်း စီစဉ်ထားပါသည်။ ပြပွဲနှင့် ပတ်သက်၍  အသေးစိတ်အချက်အလက်များသိရှိလိုပါက
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှတစ်ဆင့် စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ဖုန်းအမှတ်၊ ၀၆၇-၄၀၈၄၁၁နှင့် ပြပွဲတာဝန်ခံ (Organizer)  NMT Co,Ltd ဖုန်း-၀၁-၂၄၅၈၅၄ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။                                              
ခိုင်ကြည်သာ

တရုတ်ကွမ်ရှီးထွက်ကုန်ပစ္စည်းပြပွဲကို ၂၀၁၂ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၂ ရက်အထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပြပွဲကို ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပို့ကုန်မြှင့်တင်ရေးဗျူရိုတို့ ကြီးမှူးကျင်းပမည်ဖြစ်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး ကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကုမ္ပဏီကြီး ၇၈ခုမှ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဆိုင်ရာ ထွက်ကုန်များဖြစ်သည့် Dump Truck,Walking Tractor, Vehicle,Concrete Mixer Truck, Mining Tipper, Tractor နှင့် Low-speed Truck  များအား ပြပွဲတွင်ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရပါ သည်။ ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ဖုန်းအမှတ်-၀၆၇-၄၀၈၄၁၁ နှင့် ပြပွဲတာဝန်ခံ (Organizer) NMT Co, Ltd ဖုန်း-၀၁-၂၄၅၈၅၄ သို့  ဆက်သွယ်စုံစမ်း နိုင်ပါသည်။   
ခိုင်ကြည်သာ

Pages

Subscribe to နောက်ဆုံးရ သတင်း