သရက်ခရိုင်၌ နှံစားပြောင်းသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုနှင့် ဈေးနှုန်းဈေးကွက်

Fri, 10/04/2024 - 04:05 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ကံတုပ်ကျေးရွာသည် နှမ်း၊ ပဲစင်းငုံနှင့် ကုလားပဲသီးနှံများကို အဓိကစိုက်ပျိုးကြပြီး နှံစားပြောင်းသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးကာ ၂၀၂၄ ခုနှစ်တွင် ၄၆ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   နှံစားပြောင်းသီးနှံကို ဇူလိုင်လတွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလဆန်းတွင် ရိတ်သိမ်းရ ကြောင်း၊ မျိုးအနေဖြင့် ထွက်တိုး (နီ) နှင့် ထွက်တိုး (ဖြူ) မျိုးများဖြစ်ပြီး ထွက်တိုး (နီ) မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ နှံစားပြောင်းသီးနှံကို ထွန်ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးရပြီး တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၃၅-၄၃ တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှံစားပြောင်း ပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၃၀,၀၀၀-၃၄,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ၇ သိန်းကျော်ခန့် အမြတ် ရရှိကြောင်း သိရသည်။

   ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် နှံစားပြောင်း တစ်တင်းလျှင် ၃၅,၀၀၀-၃၈,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ အများဆုံးတင်ပို့ရောင်းချပြီး မင်းဘူးမြို့နှင့် မကွေးမြို့ရှိ ပွဲရုံများသို့လည်း တင်ပို့ရောင်းချကြောင်း၊  နှံစားပြောင်းသီးနှံ စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်အစာအတွက် ဖူလုံမှုရှိပြီး အကျိုးအမြတ်ရရှိသည့် သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိ ကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages