ရေစကြိုမြို့နယ်တွင် ဝါသီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိ

Fri, 10/04/2024 - 04:15 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ အစေ့ ထုတ်ပြောင်းနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိရာ မြေခဲတောင်၊ ကိုင်းမကျီး၊ ပခန်း၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်း စသည့်ကျေးရွာများတွင် ဝါသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း၊  ပြည်တွင်းဖြစ် အဝတ်အထည်များ ထုတ်လုပ်နိုင်ရန်အတွက် အခြေခံလိုအပ်သည့်ချည်များ အများ အပြားထွက်ရှိစေရေး ဝါသီးနှံစိုက်ပျိုးမှုကို နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရေစကြို မြို့နယ်တွင် ဝါသီးနှံ ၃၁၃၄ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ဝါသီးနှံများ စိုက်ပျိုးရာတွင် သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပြီး  သီးသန့်စိုက်ပျိုးခြင်းကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဩဂုတ်လတွင် စတင်စိုက်ပျိုး ကြပြီး မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါ စသည့်မျိုးများကို စိုက်ပျိုး ကြကြောင်း၊ ဝါသီးနှံ တစ်ဧကလျှင် မျိုးစေ့ ၇ ပိဿာခန့် စိုက်ပျိုးရပြီး စိုက်ပျိုးမှုအတွက် ထွန်ယက်ခ၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ၆ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကတွင် ပိဿာချိန် ၂၅၀-၃၅၀ ခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဝါသီးနှံပေါ်စအချိန်တွင် တစ်ပိဿာလျှင် ၃,၅၀၀ ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ် အနေဖြင့် ၅ သိန်းခန့် ရရှိကြောင်း သိရသည်။

   စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဝါသီးနှံ တစ်ပိဿာလျှင် ၃,၈၀၀-၄,၅၀၀-၅,၀၀၀ ကျပ် ဖြင့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဝါသီးနှံများကို ပခုက္ကူနှင့် ရေစကြိုမြို့ပေါ်ရှိ ဝါသီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊  ဝါသီးနှံသည် စိုက်ပျိုးရန် လွယ်ကူပြီး မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာ စိုက်ပျိုးကာ မိုးကောင်းသောနှစ်များတွင် အထွက်နှုန်း ပိုမိုထွက်ရှိကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများမှာ အကိုင်းအခက်များ ဝေဆာ၍ အသီးအပွင့်များ စတင်ပွင့်ဖူးကာ ဖြစ်ထွန်းအောင်မြင်လျက်ရှိသောကြောင့် အထွက်နှုန်းကောင်းမွန်၍ အကျိုးအမြတ်များ ပိုမိုရရှိရန် မျှော်လင့်လျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။  

DOCA (မကွေး)

Local Trade News

Pages