ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လျှပ်စစ်ယာဉ်ထုတ်လုပ်မှုအဆင့်များအားလုံး၌ အကောက်ခွန်များနိမ့်ကျ ကောက်ခံလျက်ရှိခြင်း

Mon, 08/12/2024 - 03:31 -- wtodep

ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ဆောင်ရွက်လျက်ရှိရာတွင် သန့်ရှင်းသော စွမ်းအင်နည်းပညာများနှင့် လျှပ်စစ်ယာဉ်များအသုံးပြုနိုင်ရေး အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်လာ ကြပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ယာဉ်ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးအတွက် မရှိမဖြစ် အရေးပါသော ဓါတ်သတ္တုများဖြစ်သည့် ကိုဘော့၊ ဂရပ်ဖိုက်နှင့် လစ်သီယမ်ကဲ့သို့သော အရေးပေါ်သတ္တုဓာတ်များကို တိုးမြှင့်အသုံးပြုရန် လိုအပ်လျက်ရှိပါသည်။ သန့်ရှင်းသောစွမ်းအင် ဆိုင်ရာနည်းပညာများကို ဖန်တီးရန် သတ္တုအမျိုးမျိုးကို အသုံးပြုကြရာ၌ ဆိုလာစွမ်းအင်သည် ကြေးနီ၊ အလူမီနီယမ်၊ ကက်မီယမ်၊ တယ်ယူရီယမ်နှင့် ဆီလီနီယမ်တို့ကိုလည်းကောင်း၊ လေစွမ်းအင်သည် ကြေးနီ၊ ရှားပါးမြေဒြပ်စင်များ၊ ခရိုမီယမ်၊ ဇင့်နှင့် အလူမီနီယံတို့ကိုလည်းကောင်း အသုံးပြုရပါသည်။

လျှပ်စစ်ယာဉ်ထုတ်လုပ်မှုကွင်းဆက်တွင် ပါဝင်သည့် အဆင့် ၅ ဆင့်ဖြစ်သော ဓာတ်သတ္တုကုန် ကြမ်းထုတ်ယူခြင်း၊ ဓာတ်သတ္တုထုတ်ယူခြင်း၊ ဘက်ထရီအတွက် လျှပ်ကူးပစ္စည်းထုတ်လုပ်ခြင်း၊ ဘက်ထရီထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ယာဉ်များထုတ်လုပ်ခြင်းတို့၌ အသုံးပြုရသော ကုန်ပစ္စည်းများအတွက် ကောက်ခံသော အကောက်ခွန်များသည် အဆင့်အလိုက် ကွဲပြားပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြားဆက်ဆံမှုကို တားမြစ်ခြင်းစည်းမျဉ်း (Most-favoured Nation Principle) ၏ ခြွင်းချက်အရ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအဆင့်အလိုက် လျှပ်စစ်ယာဉ်ထုတ်လုပ်မှု ကွင်းဆက်တွင်ပါဝင်သော ဓါတ်သတ္တုများအတွက် ကောက်ခံသော ပျမ်းမျှအကောက်ခွန်နှုန်းမှာ ကွဲပြားမှုရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လျှပ်စစ်ယာဉ်ထုတ်လုပ်မှုအဆင့်များအားလုံး၌ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အကောက်ခွန်များနိမ့်ကျလျက်ရှိကြောင်း UNCTAD ၏ Integrated Data Base တွင် ဖော်ပြထားပါသည်။

တွင်းထွက်သယံဇာတကြွယ်ဝသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကိုဘော့၊ ဂရပ်ဖိုက်နှင့် လစ်သီယမ် ၀ယ်လိုအားတိုးလာခြင်းကြောင့် အကျိုးအမြတ်များ ဖြစ်ထွန်းနိုင်သော်လည်း မျှတသောအခွန် စည်းကြပ်မှုစနစ်ဖြင့် ဆောင်ရွက်သော နိုင်ငံစုံကုန်သွယ်မှုစနစ်တွင် လိုက်ပါဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။

Source: https://www.wto.org/english/blogs_e/data_blog_e/blog_dta_01aug24_e.htm

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages