မန္တလေး-အုန်းချောဒေသထွက် နဂါးမောက်သီးများ စမ်းသပ်တင်ပို့ရေးမှသည် တိုးမြှင့်တင်ပို့ရေးဆီသို့

Tue, 06/28/2016 - 05:11 -- admin_ygn

         မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရှိ အရှေ့မြောက်တံခါးသစ်သီး ပွဲရုံသို့ ဇွန် ၁၇ ရက်တွင် သရက်သီးများတင်ဆောင်ထားသည့် ကားများနဲ့အတူ နဂါးမောက်သီးများ တင်ဆောင်ထားသည့်  ကားတစ်စီး ဝင်ရောက်လာခဲ့ပါ သည်။ ၎င်းင်းနဂါးမောက် သီးများသည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အုန်းချောဒေသရှိ ထွန်းတောက် စိုက်ပျိုးရေးခြံမှထွက်ရှိပြီး တရုတ်ဘက်မှ ဈေး ကွက်စမ်းသပ်ရန်အတွက် မှာယူ(ဝယ်ယူ)ခြင်းဖြစ်ကြောင်း၊ ယခုပထမဆုံး အကြိမ်အဖြစ် နဂါးမောက်သီးဖာ ၅၀၀ အား တရုတ် ဘက်မှ အမှာရှိ၍ သစ်သီးခြံရှင်ကိုယ်တိုင်တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
         နဂါးမောက်သီးများအား စက္ကူဂျပ်ဖာများဖြင့် တစ်ဖာလျှင် အလုံးညီ အသီး ၂၄ လုံးထည့်ပြီး ရှစ်ကီလိုအလေးချိန်ရှိကြောင်း၊ မန္တလေး-အုန်းချောမှ မူဆယ်(၁၀၅)မိုင်အထိ သယ်ယူခမှာ ရှစ်ကီလိုဝင် တစ်ဖာလျှင် ကားခ တစ်ေ ထာင်ကျပ် ပေးရကြောင်း၊ သစ်သီးပွဲရုံတွင် ကားအတင်/အချ တစ်ဖာလျှင်  အလုပ်သမားခ ၂၀ ကျပ်အား ကုန်သည်မှပေးရကြောင်း၊ ဈေးကွက်စမ်းသပ်ရန်အတွက် စတင်တင်ပို့ခြင်းဖြစ်ပြီး တရုတ်ဘက်မှ ပုံမှန်ဝယ်လက်၊ ပုံမှန်ေ ဈးကွက်များရှိလာပါက မိမိဘက်မှတင်ပို့ရန် နဂါးမောက် သီးများအဆင်သင့်ရှိကြောင်းကိုလည်း သစ်သီးပွဲရုံမှ စုံစမ်းသိရှိရပါသည်။
           နဂါးမောက်သီးလိုင်စင်ဈေးနှုန်းမှာ တစ်ကီလိုလျှင် သုည ဒသမ ၄ ဒေါ်လာရှိပြီး ဇွန် ၁၇ ရက်တွင် အမေရိကန် ဒေါ်လာ ၁၆၀၀ တန်ဖိုးရှိ နဂါးမောက်သီး ၄ တန်အား တင်ပို့ခွင့်ပြုခဲ့ကြောင်း၊ ကုန်စည်ဒိုင်ဈေးတစ်ကီလိုလျှင် သုည ဒသမ ၈ ယွမ်မှ ၁ ဒသမ ၆ ယွမ်အထိရှိကြောင်း သိရှိရပါသည်။ ပြည်ပပို့ကုန်အမယ်သစ်များ တိုးမြှင့်တင်ပို့ရာတွင် နဂါးမောက်သီးသည်လည်း အလားအလာကောင်းသော သစ်သီးဝလံ တစ်မျိုးဖြစ်ပြီး တစ်ဖက်နိုင်ငံတွင် စားသုံးရန်နှင့် ဖျော်ရည်ဘူးများ၊ စည်သွပ်ဘူးများ ပြုလုပ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေး-အုန်းချောဒေသတစ်ဝိုက်ရှိ သစ်သီးခြံများမှထွက်ရှိသော နဂါးမောက်သီးများအား စမ်းသပ်တင်ပို့ရေးမှသည် ဈေး ကွက်တိုးချဲ့ပြီး  ပို့ကုန်တိုးမြှင့်ရေးသို့ဦးတည်ကာ  ပိုမိုတိုးတက်တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးစားကြပါရန် ရေးသားတင်ပြလိုက်ရပါသည်။ 

 

ကြည်ကြည်မြင့်-(မူဆယ်)