မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊  စက်တင်ဘာလ ၂၀ ရက်
   မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ၌ ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

   အစည်းအဝေး၌ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌက ၂၀၁၉ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့သော မူပိုင်ခွင့်ဥပဒေ ၄ ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေများကို အာဏာသက်ဝင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအနေဖြင့် ဥပဒေပါလုပ်ငန်းတာဝန်များအရ အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄)၏ ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့်ကာလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် မူပိုင်ခွင့်ဦးစီးဌာနနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အာဆီယံ‌ဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်ရာတွင်လည်း ကျန်အဖွဲ့ဝင်နိုင်ငံများနည်းတူ ပါဝင်ဆောင်ရွက်လာ နိုင်ပြီဖြစ်သည့်အတွက် ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
   နိုင်ငံတော်ဘက်ကယှဉ်ပြိုင်မှုမြင့်မားသော MSMEs များအဖြစ် ရပ်တည်လာနိုင်စေရေး အတွက် ရန်ပုံငွေ၊ နည်းပညာနှင့် လိုအပ်သည့် အခြားကူညီထောက်ပံ့ပေးမှုများကို ဆောင်ရွက် နေသကဲ့သို့တစ်ဖက်တွင်လည်း မိမိတို့လုပ်ငန်း၏ အမှတ်တံဆိပ်များ၊ ဖန်တီးမှုဒီဇိုင်းများ၊ တီထွင် ဖန်တီးမှုများနှင့် စာပေနှင့်အနုပညာလက်ရာများကိုလည်း မူပိုင်ခွင့်ဖြင့် အကာအကွယ်ရယူနိုင်ကြ ခြင်းဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မူပိုင်ခွင့်စနစ်တည်ထောင်ခြင်းသည် အများပြည်သူ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးကို ဦးတည်ပြီးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အတည်ပြုခဲ့ပြီးဖြစ်သည့် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာပါလုပ်ငန်းစဉ်များနှင့် အညီ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် တာဝန်ခံဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။
   ထို့နောက်မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးက မူပိုင်ခွင့်ဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့်(၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် အဖွဲ့ဝင်ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များက မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြပြီး၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၆:၃၀) နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။