(၂၉) ကြိမ်မြောက် အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆက်စပ်ညှိနှိုင်းမှုကော်မတီ အစည်းအဝေး (29th Meeting of the ASEAN Trade Facilitation Joint Consultative Committee)(29th AFT JCC Mee

Thu, 06/20/2024 - 05:41 -- regionaldep

       (၂၉) ကြိမ်မြောက် အာဆီယံ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်းအဝေး (29th Meeting of the ASEAN Trade Facilitation Joint Consultative Committee)  (29th AFT-JCC Meeting) ကို၂၀၂၄ခုနှစ်၊ဇွန်လ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ Video Conference+ Offline စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်တာဝန်ခံကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၃၄) ဦးသည် Online ဖြင့်လည်းကောင်း၊ ကိုယ်စားလှယ် (၃၀) သည် Offline ဖြင့်လည်းကောင်း အသီးသီးပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦးသည် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့်အတူ Online စနစ်ဖြင့် ပါဝင်တက်ရောက်၍ ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။

      အစည်းအဝေးတွင် အာဆီယံစီးပွားရေးအဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေးများမှ အာဆီယံ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်းအဝေးနှင့်စပ်လျဉ်းသည့်ဆွေးနွေးမှုရလာဒ်များ၊ အာဆီယံ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးလုပ်ငန်းအစီအစဉ်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ (Non-tariff measures-NTMs)နှင့်စပ်လျဉ်း၍ လျင်မြန်ချောမွေ့စေရေးကိစ္စရပ်များ၊ အာဆီယံ‌‌ဒေသတွင်း NTMs ဆိုင်ရာကတိကဝတ်များ အကောင်အထည် ဖော်ရေးလမ်းညွှန်ချက်များ၊ အာဆီယံဒေသတွင်းနိုင်ငံများ အကြား အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများကြောင့် ကာလကြာရှည်စွာဖြစ်ပွားနေသော ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကိုဖြေရှင်းရန်ကိစ္စရပ်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများကြောင့် ကာလကြာရှည်စွာ ဖြစ်ပွားနေသော ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကိုဖြေရှင်းရန် သီးသန့်ဆွေးနွေးခြင်းနှင့်စပ်လျဉ်းသည့် ကိုးကားရန်အချက်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအလိုက် ထူထောင်ထားသည့် အမျိုးသားအဆင့်ကုန်သွယ်မှုအချက် အလက်ဘဏ္ဍာတိုက် (National Trade Repository -NTR) နှင့် အာဆီယံအဆင့်ကုန်သွယ်မှုအချက် အလက်ဘဏ္ဍာတိုက် (ASEAN Trade Repository- ATR) ဆိုင်ရာကိစ္စရပ်များ၊ ပြင်ပအကူအညီ အထောက်အပံ့များဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကဆောင်ရွက်သည့် NTMs Toolkit ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးဆိုင်ရာ ဆက်စပ်လုပ်ငန်းအဖွဲ့များက ဆောင်ရွက်လျက်ရှိသည့် နည်းပညာဆိုင်ရာအထောက်အပံ့များစသည့်အချက်များကို အဓိကထား၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

   အဆိုပါအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယားနှင့်ပတ်သက်၍နှုန်းထားများ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ အကောက်ခွန်သက်သာခွင့်ကိစ္စရပ်များအား ပွင့်လင်းမြင်သာရှိခြင်းနှင့် ကုန်သွယ်မှုအချက်အလက်များအား ပွင့်လင်းမြင်သာမှုရှိစေခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိပါသည်။