အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် စတုတ္ထအကြိမ် (မူကြမ်း) နှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပခဲ့မှု

Tue, 05/02/2023 - 08:49 -- wtodep

၁။   အီလက်ထရောနစ်နည်းလမ်းကိုအသုံးပြု၍ အရောင်းအဝယ်များပြုလုပ်ရာတွင် အကျုံးဝင်သက်ဆိုင်သည့် ဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို လုပ်ငန်းရှင်များနှင့် စားသုံးသူများက ဥပဒေကြောင်းအရ နားလည်သဘောပေါက်စေရန်နှင့် ၎င်းတို့ကို သိရှိနားလည် ထားခြင်းအားဖြင့် ကြိုတင်မှန်းဆဆောင်ရွက်နိုင်မှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ် ခြင်းလမ်းညွှန် (မူကြမ်း) ကို ရေးဆွဲပြုစုလျက်ရှိပါသည်။

၂။   အဆိုပါ (မူကြမ်း) အား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များ၊ ပြည်တွင်းဥပဒေပြဋ္ဌာန်းချက် နှင့်သက်ဆိုင်သည့် အကိုးအကားများ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာဆက်စပ်အဖွဲ့အစည်းများ၏ E-Commerce ဆိုင်ရာ ဆောင်ရွက်ချက်များကို အခြေခံ၍  အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် စတုတ္ထအကြိမ် (မူကြမ်း) အဖြစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အနေအထားသို့ ရောက်ရှိခဲ့ပါသည်။

၃။   အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် စတုတ္ထအကြိမ် (မူကြမ်း) နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေး အား ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်း စုစုပေါင်း (၃၁) ခုတို့ဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလ ၂၇ ရက် (ကြာသပတေးနေ့) နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။

၄။   အစည်းအဝေးတွင် တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်း အဖွဲ့များမှ ဌာနအလိုက်ပြန်ကြား လာသည့် သဘောထားမှတ်ချက်များအပေါ် စတုတ္ထအကြိမ် (မူကြမ်း) တွင် ထည့်သွင်းပြင်ဆင်ထားရှိမှုများကို အတည်ပြု ဆွေးနွေးခဲ့ကြ ပါသည်။ ထို့အပြင် မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နယ်ပယ်အလိုက် ဘာသာရပ်ဆိုင်ရာဆွေးနွေးချက်များ၊ မူကြမ်းပါ ဖော်ပြချက်များနှင့်ပတ်သက်၍ ရေရှည်တွင် ပါဝင်လုပ်ကိုင်မည့်သူများအနေဖြင့် အဆင်ပြေစွာ လိုက်ပါဆောင်ရွက်စေနိုင်ရေးတို့အတွက် အပိုင်းလိုက် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။