အိန္ဒိယနိုင်ငံတွင် တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် တောင်အာရှဒေသခွဲစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လုပ်ငန်းအဖွဲ့ အစည်းအဝေး (SASEC) သို့ ပါဝင်တက်ရောက်ခြင်း

Thu, 11/23/2023 - 08:48 -- regionaldep

     အာရှဖွံ့ဖြိုးရေးဘဏ်က ကြီးမှူး၍ အိန္ဒိယနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် နေ့မှ ၂၄ ရက်နေ့အထိ Hybrid Format ဖြင့် တောင်အာရှဒေသခွဲစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်လုပ်ငန်းအဖွဲ့အစည်းအဝေးများ (South Asia Sub Regional Economic Cooperation (SASEC) Program’s Working Group Meeting for 2023) ကို ကျင်းပပြုလုပ်လျက်ရှိပါသည်။

    အဆိုပါ အစည်းအဝေးများအနက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး လုပ်ငန်းအဖွဲ့အစည်း အဝေးသို့ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် အိန္ဒိယနိုင်ငံအစိုးရ ကိုယ်စားလှယ်မှ ဥက္ကဋ္ဌနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Mr. Thiam Hee Ng က သဘာပတိ (Moderator) အဖြစ်ဆောင်ရွက်ခဲ့ကြပြီး အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများအလိုက် တက်ရောက်လာသည့် အဖွဲ့ခေါင်းဆောင်များက မိတ်ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

    အစည်းအဝေးပထမနေ့တွင် ကုန်သွယ်မှုစင်္ကြံများ ပိုမိုလွယ်ကူချောမွေ့စေရေးနှင့်စပ်လျဉ်း၍ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းအသစ် (၂) ခုအပေါ် လေ့လာတွေ့ရှိချက်များ၊ အဆိုပြုလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မှုများနှင့် သွင်းကုန်ရှင်းလင်းရေးစနစ်များ၊ ဒီဂျစ်တယ်အသွင်းကူးပြောင်းရေး၊ စာရွက်စာတမ်းများ ကင်းလွတ်ရေး၊ ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

     အစည်းအဝေးဒုတိယနေ့တွင် SASEC အတွင်းရေးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး လုပ်ငန်းအဖွဲ့အစည်းအဝေး၏ ရလဒ်များကို ဆွေးနွေးတင်ပြခြင်း၊ အစည်းအဝေးပထမနေ့တွင် ဆွေးနွေးခဲ့သည့်အချက်အလက်များကို အကျဉ်းချုပ်ပြန်လည်ဆွေးနွေးခြင်းနှင့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် SASEC Customs Subgroup ၏ အစည်းအဝေးရလဒ်များအပေါ် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် အစားအစာလုံခြုံစိတ်ချစေရေးအတွက် Action Plan များ၊ ခရီးသွားလုပ်ငန်းများအတွက် Action Plan များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

    ထို့နောက် အဖွဲ့ဝင်နိုင်ငံများအလိုက် တက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက နိဂုံးချုပ်စကား(Closing Remark) ပြောကြားရာတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ကုန်သွယ်ရေးဦးစီးဌာနမှ ပါဝင်တက်ရောက်သည့် ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးက အစည်းအဝေး (၂) ရက်အတွင်း ဆွေးနွေးရရှိခဲ့သည့် ရလဒ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများတွင် မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် Virtual ဖြင့် တက်ရောက်ရာတွင် အဆင်ပြေစွာပံ့ပိုးဆောင်ရွက်ပေးခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။