"အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်" ရေးဆွဲရေးဆိုင်ရာ ဒဿမအကြိမ် လုပ်ငန်းအဖွဲ့အဆင့်ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

Thu, 07/07/2022 - 08:40 -- competition

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇

“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ရေးဆွဲရေးအတွက် ဒဿမအကြိမ် လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ (ကြာသပတေးနေ့) မြန်မာစံတော်ချိန် နေ့လယ် (၁၂:၃၀)နာရီ အချိန်မှ (၁၆:၀၀) နာရီအချိန်ထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ဘာသာရပ်တာဝန်ခံ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၃၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်က အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေး၌ ယခင်နဝမအကြိမ် လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးမှ ဆွေးနွေးရရှိခဲ့သော လမ်းညွှန်အခြေခံမူများ(မူကြမ်း)အပေါ် ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များ၊ လမ်းညွှန်အခြေခံမူများတွင် နောက်ဆက်တွဲအဖြစ် ပူးတွဲပါဝင်သော အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်တွင် ထည့်သွင်းဆွေးနွေးမည့်အခန်းများ (Outline) တို့ကို ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုရလဒ်များကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် “အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများအစည်းအဝေး(AHAC)” သို့တင်ပြ၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် “(၅၄)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး (AEM)” သို့ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။