အချို လျော့ထားတဲ့ ဆိုဒါ အချိုရည် ကြောင့်လည်း ဆီးချိုရောဂါ ဖြစ်နိုင်

Tue, 05/14/2013 - 05:14 -- admin

အင်္ဂါနေ့ ၁၉ ဖေဖော်ဝါရီလ ၂၀၁၃ 11:20 AM

ဓါတုဗေဒနည်းဖြင့် ပြုပြင်ထားတဲ့ ဆေးသကြားပါတဲ့ ဆိုဒါ ဖျော်ရည်ဟာ သကြားပါတဲ့ ဆိုဒါ ဖျော်ရည် သောက်သုံးမှုထက် အမျိုးသမီးများမှာ ဆီးချိုရောဂါ Type2 ပိုမို ဖြစ်နိုင်ဖို့ အန္တရာယ်ဆက်စပ်နေတာကို တွေ့ရှိရတယ်လို့ ပြင်သစ်ဆေးသုတေသီ အဖွဲ့က ဆိုပါတယ်။

သမရိုးကျ လက်ခံလာတာနဲ့ ဆန့်ကျင်ပြီး မတူတာကတော့ အချိုလျာ့ထားတဲ့ ဆိုဒါ အချိုရည် သောက်သူဟာ ပုံမှန် အချိုရည် သောက်သူတွေထက် ဆီးချိုရောဂါဖြစ်ဖို့ အန္တရာယ် များတာ တွေ့ရှိရတယ်လို့ အမျိုးသား ကျန်းမာရေးနဲ့ ဆေးပညာ သုတေသနတက္ကသိုလ် (The National Institute of Health & Medical Research-INSERM) က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါကိုသက်သေပြဖို့ ကာလ ရှည်ကြာစွာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ရတယ်လို့ သိရပါတယ်။ ၁၉၉၃ ခုမှ ၂ဝဝ၇ ခုနှစ် အတွင်း ၁၄ နှစ် ကျော်ကြာ ပြင်သစ်အမျိုးသမီး ၆၆ဝဝဝ ကျော်ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံနဲ့ ကျန်းမာရေး ထိန်းသိမ်း စောင့်ရှောက်ပုံတို့ကို မေးမြန်း စူးစမ်း လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ လေ့လာချက်ထဲမှာ ပါဝင်တဲ့အဖွဲ့ရဲ့ အသက်အရွယ်ဟာ သက်လတ်ပိုင်းနဲ့ အထက် ဖြစ်ပါတယ်။

သကြားနဲ့ ပြုလုပ်ထားတဲ့ အချိုရည်ဟာ ဆီးချို ရောဂါပိုမို ဖြစ်စေနိုင်တဲ့ အတွက် ဆေးသကြားနဲ့ ပြုလုပ်ထားတဲ့ အချိုရည်ကို အစားထိုး သုံးစွဲခြင်းဖြင့် ဘေးဥပ္ပါဒ် အန္တရာယ် လျော့နည်းစေနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေရန် အချိုအစားထိုး သုံးစွဲလျက်ရှိကြပါတယ်။

သစ်သီး ဖျော်ရည်နဲ့ ဆိုဒါ အချိုရည် ၂ မျိုးစလုံး သောက်သုံးသူ အမျိုးသမီးများရဲ့ အချက်အလက်တို့ကို နှိုင်းယှဉ် လေ့လာကြည့်ရာ အားလုံးမှာ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို ပြင်သစ်သုတေသီ အဖွဲ့ခေါင်းဆောင် Chanel Chapelon နဲ့ Guy Fagherazzi တို့က စောင့်ကြည့် လေ့လာခဲ့ရာ ဆီးချို ရောဂါ ဖြစ်နှုန်းမြင့်တက်မှု အန္တရာယ်မှာ ဆိုဒါအချိုရည် သောက်သူက သစ်သီး ဖျော်ရည်သောက်သူထက် ပိုများကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

အချို လျော့ထားတဲ့ ဆိုဒါအချိုရည် သောက်သူတွေက ပုံမှန်အချိုရည် သောက်သူတွေနဲ့ နှိုင်းယှဉ်လေ့လာ ကြည့်ရာ ဆီးချိုရောဂါ ပိုမိုဖြစ်စေတယ် ဆိုတာ သက်သေပြ ခဲ့ကြပါတယ်။ ကိန်းကဏန်း အနေနဲ့ ကြည့်မယ်ဆိုပါက အပတ်စဉ် အချိုရည် ၁၆ အောင်စ သောက်သူဟာ ရောဂါဖြစ်နိုင်ချေ ၁၅ ရာခိုင်နှုန်းနဲ့ ၅ဝ အောင်စ သောက်သူဟာ ၅၉ ရာခိုင်နှုန်းထိ ဆီးချို ရောဂါ ဖြစ်စေနိုင်တာ တွေ့ရတယ်လို့ INSERM ထုတ်ပြန်ထားပါတယ်။

ဒီသုတေသန လေ့လာတွေ့ရှိချက်အရ သစ်သီးဖျော်ရည် သောက်သုံးသူနဲ့ လုံးဝ မသောက်သူကို နှိုင်းယှဉ် လေ့လာ ကြည့်ရာ အချိုရည် လုံးဝ မသောက်သူတွေမှာ ဆီးချို ရောဂါ ဖြစ်ပွားမှု မရှိကြောင်း၊ ပိုမိုဖြစ်ပွားလာတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။ လေ့လာ သုတေသနပြုမှုမှာ အကန့်အသတ်တွေ၊ အားနည်းချက်တွေ ရှိနေသေးတယ်လို့ သုတေသီအဖွဲ့က အမေရိကန် အာဟာရ ဆေးပညာ ဂျာနယ်မှာ ရေးသားဖော်ပြထားပါတယ်။ ဒါကြောင့် မည်သည့် အချိုရည် အမျိုးအစားမဆို သောက်သုံးရန် မသင့်ကြောင်း၊ ဆီးချို ရောဂါ ဖြစ်နိုင်ကြောင်း အကြံပြု ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ စာရင်းများအရ ကမ္ဘာ့တစ်ဝှမ်း ဆီးချို ရောဂါဝေဒနာရှင်ပေါင်း ၃၄၇ မီလီယံဟာ နာတာရှည် ဆီးချို ဝေဒနာသည်များ ဖြစ်ကြောင်း သိရပါတယ်။ ဆီးချို Type2 ဟာ အခြား ကလေးဘဝကစ အင်ဆူလင် ဓါတ်နည်း၍ ဖြစ်သွားသော ဆီးချို Type 1 ထက် ခန္ဓာကိုယ် အလေးချိန်များခြင်းနဲ့ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း များနည်းခြင်း တို့ကြောင့် ဖြစ်ပွားနိုင်ပါတယ်။

ဒါ့အပြင် ဆီးချို ရောဂါကြောင့် နှလုံးသွေးကြောများ ပျက်စီးစေခြင်း၊ မျက်လုံး၊ ကျောက်ကပ်နဲ့ အာရုံကြောများ ပျက်စီး စေခြင်း၊ နှလုံးရောဂါ ၊ ကျောက်ကပ်ပျက်စီးခြင်း ၊ လေဖြတ်ခြင်းနဲ့ အမြင်အာရုံချို့တဲ့ခြင်းတို့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။

Source: Health News  အေးအေးမြ