မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၁) အကြိမ် ပုံမှန်အစည်းအဝေးကျင်းပခြင်း

Mon, 05/17/2021 - 05:23 -- competition

၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့၊ နေပြည်တော်

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ (၁/၂၀၂၁) အကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့ (၁၄း၀၀) နာရီချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအပေါ် အကာအကွယ်ပေးနိုင်မည့် ဥပဒေများ အခိုင်အမာ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၅ ခုနှစ်တွင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးတို့အတွက် အထောက်အကူဖြစ်စေနိုင်သကဲ့သို့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း များစွာအထောက်အကူ ဖြစ်စေနိုင်ပါကြောင်း၊ မိမိတို့ယှဉ်ပြိုင်မှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များသည် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်မည့် ဆောင်ရွက်ချက်များ ဖြစ်စေရေးကိုလည်း အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကော်မရှင်တွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များပါ ပါဝင်သည့်အတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ကော်မရှင်ပုံမှန်အစည်းအဝေးကို ကျင်းပရာ (၂/၂၀၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လက်ခံရရှိထားသော တိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများစပ်လျဉ်း၍ ကော်မရှင်ရုံးမှတာဝန်ရှိသူက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို (၁၆း၄၅) နာရီချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။