နေပြည်တော်၌ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

Tue, 05/30/2023 - 09:39 -- competition

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် ယှဉ်ပြိုင်မှုကော်မရှင်အကြောင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားမှုများကို လက်ခံဆောင်ရွက်မှု၊ အာဆီယံဒေသတွင်း ယှဉ်ပြိုင်မှုဆိုင်ရာ ကျင့်သုံးဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါဆောင်ရွက်ရမည့်အခြေအနေများကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်တွင် ‌ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကော်မရှင် တွဲဖက်အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းထွန်းဦးက “ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ တိုင်ကြားမှုများကို လက်ခံဆောင်ရွက်မှုအဆင့်ဆင့်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးက "အာဆီယံတွင်း ယှဉ်ပြိုင်မှုဆိုင်ရာ ကျင့်သုံးဆောင်ရွက်နေမှုများ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

အသိပညာပေးဟောပြောပွဲတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တားမြစ်ထားသည့်အချက်များ၊ အခွင့်အရေးများအား နားလည်ခဲ့ကြသည်ကို သိရှိခဲ့ရပါသည်။ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ယှဉ်ပြိုင်မှုနှင့် သက်ဆိုင်သည့် သိသင့်သိထိုက်သည့်အချက်များကို ချပြဆွေးနွေးနိုင်သကဲ့သို့ ၎င်းတို့ကြုံတွေ့နေရသည့် လက်တွေ့အခြေအနေများကိုပါ သိရှိလေ့လာခွင့်ရရှိခဲ့ပါသည်။

အသိပညာပေးဟောပြောပွဲတွင် နိုင်ငံ့ဝန်ထမ်းများ၏ ပြန်လည်မေးမြန်းဆွေးနွေးချက်များအပေါ် အခြေခံ၍ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေနှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။