ကုန်စည်ကူးသန်း သွားလာမှုများနှင့် ပတ်သက်၍ ပြည်ပသို့ တင်ပို့ / တင်သွင်းခွင့် ကန့်သတ်ထားရှိမှုနှင့်၎င်းကုန်စည်များ တင်ပို့ / တင်သွင်းမိပါက အကျိုး သက်ရောက်စေမည့် ဥပဒေများ

Tue, 05/14/2013 - 05:19 -- admin

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 10း00 AM

နိုင်ငံတော်ရဲ့ တိုးတက်ပြောင်းလဲလာသော ခေတ်နဲ့အညီ ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေပြီး နိုင်ငံတကာ ကုန်သွယ်မှုများ နှင့်အညီ ယှဉ်ပြိုင် ဆောင်ရွက်နိုင်ရန် ကုန်သွယ်မှု ကဏ္ဍများအား ဖြေလျော့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ထိုနည်းအတူ ကဏ္ဍ အသီးသီး မှလည်း ပြုပြင် ပြောင်းလဲမှုများ ၊ ဖြေလျော့မှုများ ဆောင်ရွက်လျက် ရှိနေကြပြီ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ၎င်းနိုင်ငံရဲ့ ကုန်သွယ်မှု ကဏ္ဍအပေါ်မှာ အခြေခံတဲ့အတွက် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်မှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ မှာ ဖြစ်ပါတယ် ။ .........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက်မှာ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် လွန်စွာ အရေးကြီးပါတယ်။ ဒါကြောင့် ကုန်သွယ်မှု ဆောင်ရွက်တဲ့ ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ရဲ့ ကုန်သွယ်မှု မူဝါဒအား ကျယ်ကျယ်ပြန့်ပြန့် သိရှိကြရန် လိုအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အနေနဲ့လည်း ပြည်သူဗဟိုပြု အစိုးရ အဖွဲ့ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်များကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သားစွာ ချပြ ဆောင်ရွက်လျက်ရှိပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်မှု ကဏ္ဍများနဲ့ ပတ်သက်၍လည်း လုပ်ငန်းရှင်များ လွတ်လပ်စွာ ကုန်စည် ကူးသန်း ရာင်းဝယ်နိုင်ရေးအတွက် ကုန်စည်အမယ်များအား တင်ပို့တင်သွင်းခွင့်ပြုထားပြီးဖြစ်သလို နိုင်ငံတော်ရဲ့ အထူး သဖြင့် ပြည်သူ လူထုရဲ့ လိုအပ်ချက်များ အတွက် ကန့်သတ် ထိန်းချုပ်ထားတဲ့ ပို့ကုန် ၊ သွင်းကုန် ကုန်ပစ္စည်း အမယ်အချို့လည်း ရှိနေသေးပါတယ်။ ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းများနဲ့ ပတ်သက်ပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ကန့်သတ် ထားတဲ့ အမယ်များနဲ့ ၎င်းအမယ်များကို တင်ပို့၊ တင်သွင်းခြင်းများ ပြုလုပ်ပါက တည်ဆဲ ဥပဒေများအရ မည်သို့ အကျိုးသက်ရောက်မှု ရှိနိုင်သည်ကို လုပ်ငန်းရှင်များ ၊ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးလိုပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ယခင် နယ်စပ် ဒေသများမှ တဆင့် တင်ပို့ခွင့် မပြုသော ပစ္စည်းများကို အမိန့်အမှတ် ၁ဝ/၉၉ ဖြင့် ကုန်ပစ္စည်း (၃၂) မျိုး အား ထုတ်ပြန် ကြေငြာခဲ့ရာမှ ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အဆင့်ဆင့် ဖြေလျော့ပေးခဲ့ရာ ယခုအခါ ပြည်ပသို့ တင်ပို့ခွင့်မပြုသော ပစ္စည်းများအဖြစ် အမိန့် အမှတ် ၁/၂ဝ၁၁ ဖြင့် အောက်ပါ ပို့ကုန်ပစ္စည်း (၁၃) မျိုး ကိုသာ ပြည်ပသို့ တင်ပို့ခွင့် မပြုသော ပစ္စည်းများအဖြစ် ပြင်ဆင် သတ်မှတ်ပေးလိုက်ကြောင်း သိရှိရပါတယ် -

လယ်ယာကိုင်းကျွန်းထွက်ပစ္စည်းများ

ပန်းနှမ်းဆီ

မုန်ညင်း၊ မုန်ညင်းဆီ

နေကြာ၊ နေကြာဆီ

ဆီကြိတ်ဖတ်အားလုံး

ဝါနှင့်ဝါထွက်ပစ္စည်း (ဝါဂွမ်း၊ ချည်မျှင်)

တွင်းထွက်ပစ္စည်းနှင့်ဓာတ်သတ္တုပစ္စည်းများ

ရွှေ

စိန်

ရေနံ

တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ

ဆင်စွယ်

ကွဲျ၊ နွား၊ ဆင်၊ မြင်းနှင့်ရှားပါးတိရစ္ဆာန်များ

ရေထွက်ပစ္စည်း

ပုစွန်ဖွဲ

အထွေထွေကုန်ပစ္စည်းများ

လက်နက်ခဲယမ်းမီးကျောက်

ရှေးဟောင်းပစ္စည်းများ

အလားတူ သွင်းကုန်ပိုင်းမှာလည်း ယခင် အမိန့်အမှတ် ၉/၉၉ ဖြင့် ပြည်ပမှ တင်သွင်းခွင့် မပြုသော သွင်းကုန် ပစ္စည်း (၁၅) မျိုး သတ်မှတ်ခဲ့ပြီး ကုန်သွယ်မှု တိုးတက်စေရန် အတွက် ဖြေလျော့ပေးခဲ့ရာ အမိန့်အမှတ် ၃/၂ဝ၁၁ ဖြင့် ပြည်ပမှ တင်သွင်းခွင့် မပြုသော ပစ္စည်းအမယ်အား ( ၈ ) မျိုးဖြင့် ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဆက်လက် ဖြေလျော့ပေးခဲ့ရာ အမိန့် အမှတ် ၈/၂ဝ၁၃ ဖြင့် ပြည်ပမှ တင်သွင်းခွင့်မပြုသော ပစ္စည်းများအဖြစ် အရက်၊ ဘီယာ၊ စီးကရက်နှင့် တည်ဆဲ ဥပဒေအရ ကန့်သတ်ထားသော ပစ္စည်းများ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၎င်းတင်ပို့ ၊ တင်သွင်းခွင့် မပြုရန် သတ်မှတ်ထားတဲ့ အမယ်များကို ကုန်သည်လုပ်ငန်းရှင်များ အနေနဲ့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ တင်ပို့ တင်သွင်းခြင်း ပြုမိပါက နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ပို့ကုန် သွင်းကုန် ဥပဒေ ၂ဝ၁၂ အခန်း (၄) ပုဒ်မ (၅) (၆) (၇) တို့အရ တည်ဆဲ ဥပဒေများနဲ့ အညီ အရေးယူခံရမှာဖြစ်ပါတယ်။ ထို့အပြင် ၎င်းဥပဒေ အခန်း (၅) ပုဒ်မ (၁ဝ) အရ ကိုယ်တိုင် တင်ပို့တင်သွင်းခြင်း မပြုသော်လည်း အားပေး ကူညီသူဖြစ်ပါက ၎င်းဥပဒေ ပုဒ်မများ အတိုင်း အရေးယူခံရမှာ ဖြစ်ကြောင်းကို သိရှိထားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်မှ လွတ်လပ်စွာ တင်ပို့ တင်သွင်းခွင့်ပြုထားတဲ့ ကုန်ပစ္စည်း များကိုသာ ကူးသန်းရောင်းဝယ်မှု ပြုကြရန်နဲ့ ကန့်သတ် ထိန်းချုပ်ထားသော အမယ် များအား တင်ပို့ တင်သွင်းခြင်း ၊ တင်ပို့ တင်သွင်းရန် အားပေး ကူညီခြင်း မပြုလုပ်မိကြဖို့ ကုန်သည် လုပ်ငန်းရှင်များမှ ဂရုစိုက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အကယ်၍ လိုအပ်ချက် အရ အထက်ပါ တင်ပို့ တင်သွင်းခွင့် ကန့်သတ်ထားတဲ့ အမယ်များကို ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနဲ့ ပြည်သူလူထုရဲ့ ဈေးကွက် လိုအပ်ချက်များအပေါ် မူတည်ပြီး နိုင်ငံတော်မှ အခါအခွင့် သင့်သလို ဖြေလျော့ ဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမှာ ဖြစ်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။ ကုန်သွယ်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော် ဖုန်း၊ ဝ၆၇-၄ဝ၈၁၆၈၊ ၄ဝ၈၁၆၉၊ ၄ဝ၈၁၇ဝ တို့သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရှိရပါတယ်။

သန်းဝင်း (မူဝါဒ)