အာဖရိကတိုက် အင်ဂိုလာနိုင်ငံသို့ တင်ပို့မည့် မြန်မာ့တန်းမြင့်ဆန် ဆင်းသွယ်လတ်

Mon, 06/18/2012 - 08:33 -- Anonymous (not verified)

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၃ ခုနှစ်မှစ၍ ဆန်စပါးကို အစိုးရမှ တိုက်ရိုက်ဝယ်ယူခြင်းမပြုတော့ဘဲ လွတ်လပ်စွာရောင်းဝယ် ခွင့်ပြုသည့် ဆန်စပါးမူဝါဒသစ်ကို စတင်ကြေညာခဲ့ပြီး ၂၀၀၈ ခုနှစ်မှစ၍ ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပသို့လွတ်လပ်စွာ ဆန်တင်ပို့ရောင်းချခွင့်ပြုပေးခဲ့ပါသည်။ များသောအားဖြင့် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်များကိုသာ တင်ပို့ခဲ့ကြကြောင်း သိရှိရပါသည်။ နောက်ပိုင်းတွင် တန်းမြင့်ဆန်များ ဖြစ်သော ဧည့်မထ စူပါ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်း စသော တန်းမြင့်ဆန်များအား ထုတ်လုပ်တင်ပို့လာခဲ့ပါသည်။
ယခုလက်ရှိအချိန်တွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် ၃၃၀-၃၄၀ ဒေါ်လာဈေးနှုန်းသာ ရရှိသော်လည်း ဧည့်မထ စူပါ ၅ ရာခိုင်နှုန်း တစ်တန်လျှင် ၄၀၀-၄၁၀ ဒေါ်လာထိ ဈေးနှုန်းရရှိသဖြင့် တန်းမြင့်ဆန် ထုတ်လုပ်တင်ပို့ခြင်းဖြင့် ဈေးနှုန်းအားဖြင့် ပိုမိုရရှိကြောင်းသိရှိရပါသည်။ စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံ ဖြစ်သည်နှင့်အညီ မျိုးကောင်းမျိုးသန့် စပါးများ ရွေးချယ် စိုက်ပျိုးပြီး ခေတ်မီအဆင့် အတန်းမြင့်သော ဆန်ကြိတ်ခွဲစက်များ ဝယ်ယူတည်ဆောက်ကာ တန်းမြင့်ဆန်များ ထုတ်လုပ် တင်ပို့နိုင် ရေးကြိုးပမ်းဆောင်ရွက်သင့်သည့် ကာလဖြစ်ပါသည်။ ကုမ္ပဏီတစ်ခုမှ ဆင်းသွယ်လတ် ၅ ရာခိုင်နှုန်း ဆန် ၁၂၅ တန် အား တစ်တန်လျှင် ၄၆၀ ဒေါ်လာ ဈေးနှုန်းဖြင့် အာဖရိကတိုက် အင်ဂိုလာနိုင်ငံသို့ တင်ပို့ရန် ပို့ကုန်လိုင်စင် လျှောက်ထား လာသဖြင့် ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ သတင်းရရှိပါသည်။ ယခုတင်ပို့မည့် အင်ဂိုလာနိုင်ငံသို့ ယခင်ကတင်ပို့ခဲ့ဖူးခြင်းမရှိဘဲ ဈေးကွက်သစ်ရရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာ့ဆင်းသွယ်လတ် စပါးအား တန်းမြင့်ဆန်အဖြစ် ကြိတ်ခွဲထုတ်လုပ်ပြီး ဈေးကွက်အသစ်သို့ ဈေးကောင်းကောင်းဖြင့် တင်ပို့ရောင်းချတော့ မည်ဖြစ်ကြောင်း သတင်းကောင်းပါး တင်ပြအပ်ပါသည်။                                          
သက်နိုင်ဦး