ဒုတိယအကြိမ် ကျေးလက်ဒေသအသေးစားထုတ်ကုန်များ ကုန်စည်ပြပွဲနှင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်တက်ရောက်

   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပြည်ပပို့ကုန်အလားအလာရှိတဲ့ထုတ်ကုန်များ  ကုန်စည်ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီရဲ့ ကြီးကြပ်ဆောင်ရွက်မှုနဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ဒုတိယအကြိမ်ကျင်းပခဲ့ရာ   တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးရဲမြင့်က ပြပွဲကိုဖွင့် လှစ်ပေးခဲ့ပြီး ကုန်စည်ပြပွဲအတွင်းခင်းကျင်းပြသမှုများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်။

   ဖေဖော်ဝါရီလ ၂၈ ရက်တွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တက်ရောက်ပြီး ကျေးလက်ဒေသ အသေးစားကုန်ထုတ် လုပ်ငန်းများအစုအဖွဲ့များနဲ့တွေ့ဆုံကာ ရောင်းဝယ်မှု အခြေအနေများနဲ့ ကုန်သွယ်မှုအခက်အခဲများ၊ ဖြေလျော့ပေးခဲ့မှုအခြေအနေများအားဆွေးနွေးခဲ့ပြီး၊ ကုန်စည်ပြပွဲအတွင်း ခင်းကျင်းပြသရောင်းချမှုများကို ကြည့်ရှုအားပေးခဲ့ပါတယ်။

   အဆိုပါ  ကုန်စည်ပြပွဲနှင့်  အလုပ်ရုံဆွေးနွေးပွဲအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏  ကြီးကြပ်မှုဖြင့် မန္တလေး တိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ကြီးမှူး၍ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပါ တယ်။

   ကုန်စည်ပြပွဲမှာ  မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသအသေးစားထုတ်ကုန်များနဲ့ ပြည်ပတင်ပို့ရန်အလားအလာရှိတဲ့ထုတ်ကုန်များ ခင်းကျင်းပြသခြင်းနဲ့ အလုပ် ရုံဆွေးနွေးပွဲမှာဖိတ်ကြားထားတဲ့ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊  လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ကုန်သွယ်မှုအခက်အခဲများ ဆွေးနွေးခြင်း၊ ဒုတိယရက်ဖြစ်တဲ့ ၂၇ ရက်မှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး (SME Development) အလုပ်ရုံဆွေးနွေးပွဲခေါင်းစဉ်ဖြင့်  ဆွေးနွေးခြင်း၊ တတိယရက်ဖြစ်တဲ့ ၂၆ ရက်မှာ ပြည်ပပို့ကုန် အလားအလာရှိတဲ့ကုန်စည်များဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများအား အပြန်အလှန်ညှိနှိုင်းဆွေးနွေးခြင်း ဆက်လက်တင်ပြခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။

   ယခုကျင်းပတဲ့ ကုန်စည်ပြပွဲမှာ မန္တလေးဒေသ ထွက် မြေသောက်ရေအိုး၊ မီးသွေး၊ မီးဖို၊ အိုးပုတ်မျိုးစုံ၊ တောင်း၊ ဆန်ကော၊ ဆန်ကာ၊ မြက်ဖျာ၊ သင်ဖြူးဖျာ၊ သပေါ့ဖျာ၊  ထန်း ကုလားထိုင်၊ ထန်းခြင်းတောင်း၊ တံမြက်စည်း၊  ဂျုံရိုးဦးထုပ်၊  ထန်းလျက်၊  ဝါးအခြေခံ လက်မှုအလှဆင်ပစ္စည်းများဖြစ်တဲ့ မီးဆောင်း၊ စက္ကူ ထည့်ခွက်၊ ဖုန်းတင်စင်၊ ဓာတ်ပုံ ထည့်သည့် ကပ်များ၊ ဘောလ်ပင်ထည့်သည့်ဘူးများ၊ ယွန်းထည်ပစ္စည်းများ၊ လက်ရက်ကန်းထည်များ၊   စက်ရက်ကန်းထည်များ၊ ဆောင်းဒါးလုံချည်များ၊ မဝတ်၊ ကျားဝတ် အထည်များ၊ ကျောက်မျက်ရတနာများ၊ ရိုးရာငွေခြည်လက်မှုပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဆေးဝါးနဲ့ သနပ်ခါးအလှကုန်ပစ္စည်းများ၊ ရေချိုးခန်းသုံးပစ္စည်းများ၊ စားသောက်ကုန်များ၊ လက်ဖက်၊ ဘီစကစ်၊ ယိုမျိုးစုံနဲ့ ဝိုင်များ၊ ဆန်ဖြင့်ပြုလုပ်တဲ့   စားကုန်များ၊ ဆန်များ၊ ပဲအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ အင်ဂျင်ဝိုင်များ၊ ရိုးရာချင်းလုံချည်နဲ့ ပိုးတွဲချိတ်ထည်များ၊ စကျင်ကျောက် အလှဆင်ပစ္စည်းများ၊ တာယာပစ္စည်းများနဲ့ မော်တော်ကားအရောင်းပြခန်းများစသဖြင့် ပြခန်း ၁၀၅ ခန်း ခင်းကျင်းပြသရောင်းချခဲ့ရာ ရောင်း ချမှုပမာဏ ကျပ် ၂၁၉ သိန်းကျော်ရရှိခဲ့ကြောင်းသိရှိရပါတယ်။

ယဉ်ယဉ်ရွှေ-မန္တလေး