မူဆယ်မြို့တွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်းများ ဆွေးနွေးပွဲကျင်းပ

Fri, 01/16/2015 - 13:09 -- admin_ygn

   ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံ ကိန်းရှိ နယူးစတားလိုက်ပိုင်ဆင်းရွှေလီခန်းမတွင်  နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်း များ ဆွေးနွေးပွဲ အခမ်းအနားကို  ဇန်နဝါရီ ၇ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။
   ရှေးဦးစွာ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်ကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ပါမောက္ခဒေါက်တာအောင်ထွန်း သက်က ''Opportunities of Cross-Border Trade''  (နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်းများ) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။
    ဒေါက်တာအောင်ထွန်းသက်ကပြောကြားရာတွင်  နိုင်ငံတော်တည်ဆောက်ရေးကာလတွင် အစပျိုးရာ၌ မသမာမှုလာဘ်ပေးလာဘ်ယူကိစ္စကို ရှင်းရှင်းလင်းလင်းဖော်ထုတ် ကြရမည် ဖြစ်ကြောင်း၊ ပြည်သူပူးပေါင်းမှုမရှိပါက အောင်မြင်မှာမဟုတ်ကြောင်း၊ ပေးသူရှိ၍ ယူသူရှိနေပါကြောင်း၊ ဌာနဆိုင်ရာများတွင်လည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကို အကောင်အထည်ဖော်ရာတွင် စားပွဲတစ်ခုမှတစ်ခုသို့ကူးပြောင်းရာတွင် မကြာသင့်သောအချိန်ကာလ ဖြင့်ပိုမိုကြန့်ကြာမှုကိုဖော်ထုတ်သင့်ကြောင်း၊ ဘေးထိုင်ဘုပြောမည့် အစား လမ်းပြအားပေးပြီး စောင်မကြည့်သင့်ကြောင်း၊ သဘောထားကွဲလွဲခြင်းသည် ရန်သူအသွင်မဆောင်ပါကြောင်း၊ ပိုမိုပြီးထက်မြက်သော ဦးတည်ရာကို ပို့ဆောင်ပေးတဲ့ စွမ်းအားအဖြစ်ခံယူနေရင် အရွေ့သစ်ကိုတိုတောင်းသောကာလအတွင်း ဦးတည်ချက်ပေါက်ရောက်မှာဖြစ်ပါကြောင်း၊ အနာဂတ်ကို ပိုင်ဆိုင်သည့် လူငယ်များအနေဖြင့် နိုင်ငံ၏ အခက်အခဲ၊ စီးပွားရေးကျဆင်းမှုကို စိတ်ဓာတ်မပျက်ဘဲ အခွင့်အရေးအဖြစ်ပြောင်းလဲပြီး အင်အားအဖြစ် အသုံးချစေလိုကြောင်းစသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။
  မြန်မာနိုင်ငံတွင် (Border Trade Stations) နယ်စပ်ကုန်သွယ်မှုနေရာ ၁၅ခုရှိသည်။ ယင်းနေရာများမှာ တရုတ်နိုင်ငံနှင့် လေးခု၊ ထိုင်းနိုင်ငံနှင့် ခုနှစ်ခု၊ အိန္ဒိယနိုင်ငံနှင့် နှစ်ခုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်ခုတို့ဖြစ်ပါသည်။
   ထို့ကြောင့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အချက်အခြာအကျဆုံးနှင့်ကုန်သွယ်မှုအကောင်းဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရှိနိုင်ပါသည်။ ဆရာကြီး ၏ ဟောပြောဆွေးနွေးပွဲသို့တက်ရောက်လာကြသော ကုန်သည်များမှသိရှိလိုသည်များကို တိုက်ရိုက်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အယ်လ်စိုး (မူဆယ်)

Border Trade News

Pages