ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှစ်ပတ်လည်အစီရင်ခံစာ- ၂၀၂၃ (WTO Annual Report 2023) အား ထုတ်ပြန်ခဲ့ခြင်း

Tue, 08/15/2023 - 05:38 -- wtodep

၂၀၂၃ခုနှစ်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ (WTO Annual Report 2023) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အစောပိုင်းကာလ အတွင်းကဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များဖြစ်သည့် ၁၂ ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ (MC12) နှင့်ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ စားနပ်ရိက္ခာဖူလုံရေးအပါအဝင် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကဖြေရှင်း ဆောင်ရွက်မှုများကို ကဏ္ဍအလိုက် အသေးစိတ်ဖော်ပြထားပါသည်။

ကုန်သွယ်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းခြင်းကဏ္ဍတွင်၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း ကျင်းပခဲ့သော ၁၂ ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ (MC12) မှ စားနပ်ရိက္ခာဖူလုံရေးနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါတို့နှင့်စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်သည့် ဆုံးဖြတ်ချက်များ၊ အန္တရာယ်ရှိသော ငါးလုပ်ငန်းအထောက်အပံ့ပေးမှုများကို ဟန့်တားခြင်းဆိုင်ရာ သဘောတူညီချက်အပါအဝင် အရေးကြီးသော ရလဒ်များ ထွက်ပေါ်ခဲ့ပါသည်။

အဆိုပါရလဒ်များကို အကောင်အထည်ဖော်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အား ပြုပြင်ပြောင်းလဲရေး၊ ငါးလုပ်ငန်းအထောက်အပံ့ပေးမှုအပေါ် (ဒုတိယအကျော့) ညှိနှိုင်းဆွေးနွေးရေးတို့ကို အဖွဲ့ဝင်နိုင်ငံများက အလေးအနက်ထားသကဲ့သို့ ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala ကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအားပေးသည့် နည်းပညာများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဒီဂျစ်တယ်ကူးသန်းရောင်းဝယ်ခြင်းနှင့် အားလုံးပါဝင်နိုင်မှုတို့ကို အဓိကထားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလျက်ရှိပါသည်။

ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အထွေထွေကောင်စီက ၁၃ ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ (MC 13) ကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့၌ ကျင်းပပြုလုပ်ရန် သဘောတူညီခဲ့ပါသည်။ MC 13 ၌ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အောက်မှ အငြင်းပွားမှုပြဿနာများကို ဖြေရှင်းခြင်းအပါအဝင် လက်တွေ့ကျသောရလဒ်များ ထွက်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာလေ့လာစောင့်ကြည့် ခြင်းကဏ္ဍတွင် ကိုဗစ်-၁၉ရောဂါရှာဖွေရေးနှင့်ကုသနည်းနှင့်စပ်လျဉ်းသည့် MC 12ဆုံးဖြတ်ချက်အပေါ် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲလျက်ရှိရာ ရလဒ်ထွက်နိုင်သည်အထိ ဆက်လက်ဆွေးနွေးသွားရန် အထွေထွေကောင်စီက ဆုံးဖြတ်ခဲ့ပါသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တုံ့ပြန်မှုနှင့် ယူကရိန်းပဋိပက္ခ၏ အကျိုးဆက်များအပါအဝင် ကုန်သွယ်မှုကိစ္စရပ်များကိုဖြေရှင်းရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အထွေထွေကောင်စီက အရေးကြီးသောစင်မြင့်တစ်ခုအဖြစ် ဆက်လက် ရပ်တည်ဆဲဖြစ်ပါသည်။

အထွေထွေကောင်စီဥက္ကဋ္ဌအနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့် ကဏ္ဍအလိုက် ကော်မတီ/ကောင်စီများ၏ ဥက္ကဋ္ဌများနှင့်ပူးပေါင်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များက တင်ပြလာသည့် e-commerce နှင့်ပတ်သက်၍ နည်းပညာကွာဟမှု ကိုပေါင်းကူးရန်လိုအပ်ခြင်း၊ ပြီးပြည့်စုံသောဥပဒေနှင့် စည်းမျဉ်းမူဘောင်၏ အရေးပါမှုနှင့် အကောင်းဆုံးအလေ့အကျင့်များကို မျှဝေခြင်း၏ အကျိုးကျေးဇူးများအပေါ်  အဓိကထား ဆွေးနွေးလျက်ရှိပါသည်။

လယ်ယာစိုက်ပျိုးရေးကော်မတီမှ MC 12 တွင်ချမှတ်ခဲ့သော ကြေညာချက်ကို လိုက်နာဆောင်ရွက်ရာတွင် အားနည်းသောနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် လုပ်ငန်းအစီအစဉ်တစ်ခုကို စတင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များသည် စားနပ်ရိက္ခာဖူလုံရေး၊ ယူကရိန်းပဋိပက္ခနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါဖြစ်ပွားမှုတို့ကြောင့် ပို့ကုန်ဆိုင်ရာကုန်သွယ်မှု ကန့်သတ်မှုများကို စတင်ကျင့်သုံး ခဲ့ကြောင်း၊ သို့သော် ကာလတိုသာ ကျင့်သုံးခဲ့ကြောင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နောက်ဆုံးထုတ်ဝေခဲ့သော ကုန်သွယ်မှုစောင့်ကြည့် ရေးအစီရင်ခံစာက ဖော်ပြခဲ့ပါသည်။

ကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုပြဿနာများကိုဖြေရှင်းခြင်းကဏ္ဍတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်အတွင်း ညှိနှိုင်းဆွေးနွေးလိုကြောင်း တောင်းဆိုမှု ၈ မှုကို ဆောင်ရွက်ခဲ့ပြီး၊ ၁၉၉၅ ခုနှစ်မှ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းထိအငြင်းပွားမှုပေါင်း ၆၁၅ ခု ထိဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်အတွင်း ခုံအဖွဲ့အစီရင်ခံစာ ၉ ခုကို အဖွဲ့ဝင်နိုင်ငံများအား ဖြန့်ဝေခဲ့ပြီး၊အငြင်းပွားမှုဖြေရှင်းဆောင်ရွက်ရေးအဖွဲ့ကအစီရင်ခံစာ ၂ ခုကို အတည်ပြုခဲ့ပါသည်။အနုညာတစီရင်ဆုံးဖြတ်ချက် ၂ ခုနှင့် အနုညာတစီရင်ဆုံးဖြတ်ခြင်းအတွက် ဆု ၂ ခုရှိခဲ့ပြီး၊ အငြင်းပွားမှု ၁၈ ခုအား ခုံရုံးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

အယူခံအဖွဲ့အတွက် ရွေးချယ်ရေးလုပ်ငန်းစဉ် စတင်နိုင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များက အဆိုပြုချက်များကို တင်ပြလျက်ရှိရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ၁၂၇ နိုင်ငံကိုယ်စား မက္ကဆီကိုမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖြန့်ဝေခဲ့သော နောက်ဆုံးအဆိုပြုချက်ကို ၂၀၂၂ ခုနှစ် နှစ်ကုန်ထိပြုလုပ်ခဲ့သည့် အစည်းအဝေးများ၌ ထည့်သွင်းဆွေးနွေးလျက်ရှိပါသည်။ သို့ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အယူခံအဖွဲ့တွင် ရာထူး ၇ နေရာလုံး လစ်လပ်နေသောကြောင့် အယူခံဝင်မှုများကို ကြားနာနိုင်ခြင်းမရှိပေ။ ၂၀၂၂ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံက အယူခံဝင်လိုကြောင်း အကြောင်းကြားစာတစ်စောင်ကို တင်သွင်းခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အယူခံအဖွဲ့၌ အယူခံဝင်မှုဆိုင်းငံ့ထားသည့် အငြင်းပွားမှု ၂၅ ခုရှိပါသည်။ အငြင်းပွားမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရေးနှင့်စပ်လျဉ်း၍ အာမခံချက်ရှိ၍ အပြည့်အဝအသုံးချနိုင်သော စနစ်တစ်ခုကို ဖော်ဆောင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် MC 12 ၌ ဝန်ကြီးများက သဘောတူညီခဲ့ကြပါသည်။

ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုစွမ်းဆောင်ရည်တည်ဆောက်ရေးတို့ကို ပံ့ပိုးကူညီခြင်းကဏ္ဍတွင် ကမ္ဘာ့ကုန်စည်ကုန်သွယ်တင်ပို့မှု၌ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ရှယ်ယာပါဝင်မှုသည် ပြောင်းလဲခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်တွင် ၀.၉၃ ရာခိုင်နှုန်းရှိကာ၊ကမ္ဘာ့ စီးပွားရေးဝန်ဆောင်မှုတင်ပို့မှု၌ပါဝင်မှုသည်  ၀.၅၃ ရာခိုင်နှုန်းမှ ၂၀၂၁ ခုနှစ်တွင် ၀.၄၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဦးဆောင်တာဝန်ယူဆောင်ရွက်ခဲ့သော ကုန်သွယ်မှုဆိုင်ရာ အထောက်အပံ့ပမာဏသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၇.၂ ဘီလီယမ်မှ ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈.၇ ဘီလီယမ်ထိ တိုးတက်ခဲ့ပါသည်။ဇူလိုင်လတွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္လာ့ကုန်သွယ်မှုဆိုင်ရာအထောက်အပံ့အပေါ် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး၌ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စီးပွားရေးဖွံဖြိုးတိုးတက်စေမည့်နည်းလမ်းများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုလျှောက်လှမ်းနိုင်မည့် နည်းလမ်းများကို အဓိကထားဆွေးနွေးခဲ့ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အကူအညီတစ်ရပ်ဖြစ်သော Enhanced Integrated Framework -EIF အစီအစဉ်အောက်မှ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းထိ အမေရိကန်ဒေါ်လာ သန်း ၉၀ တန်ဖိုးရှိ စီမံကိန်းများကို ထောက်ပံ့ပေးခဲ့ပါသည။ EIF မှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း ၁၆၀၀၀ ကျော်ကိုလည်း ၂၀၁၀ ခုနှစ်ကတည်းက စတင်၍ထောက်ပံ့ပေးခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံများကို နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီအောင် ကူညီဆောင်ရွက်ပေးနေသည့် Standards and Trade Development Facility – STDF ကစားနပ်ရိက္ခာနှင့် အပင်မျိုးစိတ်များ ကုန်သွယ်မှုပြုရာတွင် နိုင်ငံ တကာစံချိန်စံညွှန်းများနှင့်ကိုက်ညီစေရန်အတွက် စီမံကိန်းထောက်ပံ့ငွေများကို ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၆ သန်းမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ သန်းထိ တိုးမြှင့်ထောက်ပံ့ခဲ့ပါသည်။

နိုင်ငံစုံကုန်သွယ်မှုစနစ်အကြောင်းကို ပိုမိုနားလည်လာစေရန် အစိုးရအရာရှိများ ၅၅၀၀၀ ခန့်နီးပါးကို ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ သင်တန်းများစီစဉ်ပေးနိုင်ခဲ့ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် ကုန်သွယ်မှုမှတစ်ဆင့် အမျိုးသမီးများ၏ စွမ်းဆောင် ရည်ကိုဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ဒီဇင်ဘာလတွင် ကျား/မ တန်းတူညီမျှမှုရှိရေး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ညီလာခံကို ၃ ရက်ကြာကျင်းပခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကဏ္ဍတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည်နိုဝင်ဘာလတွင် အီဂျစ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော COP27 ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်သည် စားနပ်ရိက္ခာဖူလုံမှုအကျပ်အတည်းကို အရေးပေါ်တုံ့ပြန်နိုင်ရေး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့်ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှအကြီးအကဲများနှင့် အတူတောင်းဆိုခဲ့ခြင်း

နိုဝင်ဘာလအတွင်း ကျင်းပခဲ့သော G 20 အစည်းအဝေး၌လည်း ပထဝီနိုင်ငံရေး အခင်းအကျင်းများကြောင့် ကမ္ဘာ့ကုန်သွယ်မှု အစိတ်စိတ်ကွဲပြားမှုရှိလာနိုင်ကြောင်းကို သတိပေးခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဖိတ်ခေါ်ခဲ့ခြင်း၊ နိုင်ငံတကာကုန်သွယ်မှုနှင့် ဘောလုံးအားကစားတို့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဆိုင်ရာ တက်ကြွလှုပ်ရှားစေရေး အထောက်အပံ့ဖြစ်စေရေး နားလည်မှုစာချွန်လွှာတစ်ရပ်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ကမ္ဘာ့ဘောလုံးအသင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ Gianni Infantino တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်း။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Presidential Lecture ဟောပြောပွဲတွင် ဘာဘေးဒိုးနိုင်ငံ၏ ဝန်ကြီးချုပ် Mia Mottley က ကမ္ဘာ့အပြင်းထန်ဆုံး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို ဆန်းသစ်တီထွင်နိုင်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ခြင်း။

၂၀၂၂ ခုနှစ်အတွင်း အများပြည်သူအတွက် “ ရည်မှန်းချက်မှ လုပ်ဆောင်ချက်သို့ ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့ဖိုရမ်တွင် လူပေါင်း ၁၃၀၀ နီးပါးခန့် ပါဝင်တက်ရောက်ခဲ့ခြင်း။

အမျိုးသားနိုင်ငံခြားကုန်သွယ်မှုကောင်စီကပေးအပ်သည့် ကမ္ဘာ့ကုန်သွယ်မှုဆုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က လက်ခံရရှိခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း အနှစ်ချုပ်တင်ပြထားပါသည်။ အစီရင်ခံစာ အပြည့်အစုံကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် Download ရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

Source: https://www.wto.org/english/res_e/booksp_e/anrep_e/ar23_e.pdf

International Trade News

Pages