“ဟိုချီမင်းမြို့တော် အစားအသောက်နှင့် အဖျော်ယမကာဆိုင်ရာ နိုင်ငံတကာပြပွဲ” သို့ ပါဝင်ပြသရန် မြန်မာနိုင်ငံသို့ဖိတ်ကြား

Fri, 09/23/2022 - 08:54 -- mocadmin

   ဗီယက်နမ်နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးတက်ရေးစင်တာ (Investment and Trade Promotion Center − ITPC) နှင့် အစားအစာနှင့် စားသောက်ကုန်ဆိုင်ရာအသင်း (Food and Foodstuff Association − FFA) တို့က ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်မည့် “ဟိုချီမင်းမြို့တော် အစားအသောက်နှင့် အဖျော်ယမကာဆိုင်ရာ နိုင်ငံတကာပြပွဲ” သို့ မြန်မာနိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ပြသ နိုင်ရန် ဖိတ်ကြားလာကြောင်း သိရှိရပါသည်။

   ကုန်စည်ပြပွဲကို “Interconnection of Values and Development” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ပြပွဲတွင် စိုက်ပျိုးရေးထုတ်ကုန်၊ အစားအစာထုတ်လုပ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်၊ စက်ပစ္စည်းထုတ်လုပ်မှု၊ နည်းပညာများ၊ စိုက်ပျိုးရေးထုတ်ကုန်များ ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ပြည်တွင်းနှင့် ပြည်ပလုပ်ငန်းများမှ ပါဝင်ပြသကြမည် ဖြစ်ပါသည်။

   အဆိုပါကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ကိုယ်တိုင်သွားရောက် ပြသနိုင်သည့်အပြင် Online မှလည်း ပါဝင်ပြသနိုင်ရန် ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်း ၃၀၀ ကျော်အတွက် 3D စနစ်သုံး Online ဆိုင်ခန်းပေါင်း ၄၀၀ စီမံထားကြောင်း သိရှိရပါသည်။

   ပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Email: nguyetltm@itpc. gov.vn နှင့် [email protected] သို့ဆက်သွယ်စုံစမ်းနိုင်ပြီး QR Code ကိုအသုံးပြု၍ Registration ပြုလုပ်နိုင်ပြီး အသေးစိတ်သိရှိလိုပါက ၀၆၇ - ၃၄၀၈ ၆၀၈ နှင့် ၀၆၇ - ၃၄၀၈ ၆၂၂ သို့ စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။