အစားမတော်တစ်လုတ်၊ အသွားမတော်တစ်လှမ်း မုန့်ဟင်းခါးကြောင့်လား စားတဲ့သူကြောင့်လား
ရန်ကုန်မှာ နေတဲ့ ညီဖြစ်သူ ဆီက တယ်လီဖုန်း လာလို့ ကိုင်ကြည့်တဲ့ အခါ လမ်းဘေးဆိုင်မှာ ရောင်းတဲ့ မုန့်ဟင်းခါး စားပြီး နောက်ပိုင်း တောက်လျှောက် အန်နေ ရကြောင်း၊ တနေကုန် အန်ချင်ကြောင်း၊ ဘာမှ စားသောက်လို့ မရတော့တဲ့ အကြောင်းများ ပြောလာ ပါတယ်။
ဤကဲ့သို့ ဖြစ်ရခြင်း အကြောင်းရင်းကို ကျွန်တော် စဉ်းစားတဲ့ အခါမှာ မုန့်ဟင်းခါး ကြောင့်လား စားတဲ့သူ ကြောင့်လား ဆိုတာ အချက် ၂ ချက်နဲ့ စဉ်းစားခဲ့ ပါတယ်။ မုန့်ဟင်းခါးမှာ ပါဝင်တဲ့ ပစ္စည်းတွေ မသန့်ရှင်းလို့ ဖြစ်တာလား ဒါမှမဟုတ် ဓါတ်မတည့် တာတွေကြောင့်လား၊ စားသောက်တဲ့ ညီက မုန့်ဟင်းခါး မစားမီ အခြား ဓါတ်မတည့်တဲ့ အစားအစာတွေ စာမိလို့လား စသည်ဖြင့် စဉ်းစားစရာ အကြောင်းတွေ ဖြစ်လာရ ပါတယ်။ လမ်းဘေး စားသောက်ဆိုင် တချို့ဟာ သန့်ရှင်းမှု ပိုင်းမှာ အလွန် အားနည်းတာ မြင်တွေ့ နေရပါတယ်။ ပေကံျနေတဲ့ လက်နဲ့ အစားအသောက်များ ကိုင်တွယ် ရောင်းချ နေတတ်ကြ ပါတယ်။ များသော အားဖြင့် လက်ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများ ကပ်ပါ လာတတ်ပြီး စားသုံးသူကို ရောဂါရ စေတတ် တာဖြစ်တယ်။
တချို့ ဆိုင်တွေကျတော့လည်း စားသောက်ကုန် ပစ္စည်း အပိုင်းမှာ ဈေး သက်သာတာ ရှာထားတဲ့ အတွက် မလတ်ဆတ် တော့တာတွေ၊ မူမမှန်တော့တဲ့ ပစ္စည်းတွေ ဖြစ်တဲ့ အခါကျတော့ စားသုံးသူမှာ လာပြီး ဒုက္ခ ရောက်ရကြ တော့တယ်။ အချို့လူများ ကျတော့လည်း ဘယ်အချိန်မှာပဲ စားစား တစ်ခါ လေးတောင် ဗိုက်မနာ ကြဘူး၊ လမ်းဘေး ဆိုင်တွေမှာ ဘယ်လိုပဲ စားစား ဘာမှ ဖြစ်စရာ အကြောင်း မရှိဘူးလို့ ပြောတတ်ကြ ပါတယ်။ ဒါပေမယ့် အဲဒီ ပုဂ္ဂိုလ်တွေ ရောဂါဖြစ်တာ မသိသေးတာ ဖြစ်မယ်၊ ရောဂါ ဖြစ်တာ သိသွားတဲ့ အချိန်မှာ ဆေးမမီတော့တဲ့ ဘဝ ရောက်တတ် ပါတယ်။
ဒါကြောင့် စကားပုံမှာ '' အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း'' ဆိုထားတာ ဖြစ်ပါတယ်။ အခန့် မသင့်ရင် တစ်ခါ စားရုံနဲ့ ဝုန်းကနဲ့ လဲကျပြီး သေဆုံးတဲ့ အဖြစ်တွေ ကြားဖူးပါတယ်။ ဖြစ်ချင်လျှင် ဒူးဆစ်လောက် ရှိတဲ့ရေ ချောင်းထဲ ရေနစ်ပြီး သေဆုံးတဲ့ အဖြစ်တွေ ကြားဖူးပါတယ်။ ရှေးလူကြီး သူမများက ပေါ့ပေါ့ တန်တန် မစားကြဖို့၊ မလုပ် မကိုင်ကြဖို့ ဆိုဆုံးမ ခဲ့တာပဲ ဖြစ်ပါတယ်။