ပြုပြင်ပြောင်းလဲမှု၏ ကွက်လပ်တစ်ခုကို ဖြည့်စွက်ခြင်း (သို့မဟုတ်) ဉာဏပစ္စည်းမူပိုင်ခွင့်များကို ထိရောက်စွာ အကာအကွယ်ပေးမည့် မူပိုင်ခွင့် ဥပဒေများ
ပြည်ထောင်စုလွှတ်တော်ဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ မတ်လနဲ့ မေလများအတွင်း မူပိုင်ခွင့်ဆိုင်ရာဥပဒေများဖြစ်တဲ့ စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ (၂/၂၀၁၉ယ ၃၁-၁-၂၀၁၉) ကုန် အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ (၃/၂၀၁၉ယ ၃၁-၁-၂၀၁၉)၊တီထွင်မှု မူပိုင်ခွင့် ဥပဒေ (၇/၂၀၁၉ယ ၁၂-၃-၂၀၁၉)၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (၁၅/၂၀၁၉ယ ၂၄-၅-၂၀၁၉) တို့ကို အတည်ပြု ပေးခဲ့ပြီး နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာမြန်မာနိုင်ငံမှာ မူပိုင်ခွင့်အခွင့်အရေးများကို ဥပဒေအရ ထိရောက်စွာ အကာအကွယ် ပေးနိုင်မယ့် ကဏ္ဍသစ်တစ်ရပ်ကို ပေါ်ထွန်းလာစေပါတယ်။ ဒီလိုပြဋ္ဌာန်း နိုင်မှုဟာ လွန်ခဲ့သော (၁၀) စုနှစ် တစ်ခုအတွင်း ကြိုးပမ်းဆောင်ရွက် မှုများရဲ့ရလဒ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ အဓိက ပြုပြင်ပြောင်းလဲမှုတစ်ရပ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ တည်ဆောက်လျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းဝန်းကျင်မှာလိုအပ်နေတဲ့ ကွက်လပ်ကလေးတစ်ခုကို ဖြည့်စွက်လိုက်ခြင်းဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့်ဆိုင်ရာဥပဒေများဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)ရဲ့ ကုန်သွယ်မှုဆိုင်ရာ မူပိုင်ခွင့်သဘောတူ ညီချက် (TRIPS) ရဲ့အခြေခံမူများကို အခြေပြုထားတာဖြစ်ပြီး နိုင်ငံတကာကွန်ဗင်းရှင်းများဖြစ်တဲ့ ပါရီကွန်ဗင်းရှင်း(Paris Convention)၊ ဘန်းကွန်ဗင်းရှင်း (Bern Convention)၊ မက်ဒရစ်သဘောတူညီချက် (Madrid Agreement)၊ မက်ဒရစ်အခြေပြစာချုပ် (Madrid Protocol) စသည်များမှာ ပြဋ္ဌာန်းချက်များနဲ့ လိုက်လျောညီထွေမှုရှိပါတယ်။ ဒီမူပိုင်ခွင့် ဥပဒေများပြဋ္ဌာန်းပြီးချိန်မှာ အဲဒီ နိုင်ငံတကာစာချုပ်များတွင် မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီဥပဒေများကို အာဏာသက်ဝင်နိုင်အောင် လုပ်ထုံးလုပ်နည်း များနဲ့နည်းဥပဒေများ၊ လမ်းညွှန်ချက်များကို ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက် ရှိပြီး ပြင်ဆင်မှုများ အသင့်ဖြစ်သောအခါတွင် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဥပဒေတစ်ရပ်ချင်းစီကို အာဏာသက်ရောက်စေမည်ဖြစ်ပါတယ်။
ယင်းဥပဒေများအရ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၊ မူပိုင်ခွင့် ဆိုင်ရာ အေဂျင်စီနဲ့ မြန်မာမူပိုင်ခွင့်ရုံးဖြစ်တဲ့ မူပိုင်ခွင့်ဦးစီးဌာနတို့ကို ထူထောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းနိုင်အောင် ကြိုးစားခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ မူပိုင်ခွင့် ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ပညာရေးဝန်ကြီးဌာန၊ ယခင်သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးတို့အောက်မှာ မူပိုင်ခွင့်ဌာနခွဲတစ်ခု ထူထောင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေများကို ပြဋ္ဌာန်းဖို့ ဆောင်ရွက်ရာမှာ ဒီဥပဒေများကို အကောင်အထည်ဖော်ဆောင် ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်ကြီးက စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကို သတ်မှတ်ခဲ့ပါတယ်။ တစ်ဖက်က ပြန်ကြည့် ရင်တော့ ၁၉၉၄ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ကို မြန်မာနိုင်ငံ ဝင်ရောက်ခဲ့ပြီး ယင်းအဖွဲ့ရဲ့ ကုန် သွယ်မှုဆိုင်ရာ၊ မူပိုင်ခွင့်များဆိုင်ရာများ သဘောတူညီချက် (TRIPS) ကို လေးစားလိုက်နာခဲ့ပါတယ်။ တစ်နည်းအားဖြင့် စီးပွားရေးနဲ့ ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ မူပိုင်ခွင့်ဥပဒေများနဲ့ စိမ်းနေတဲ့ ဝန်ကြီးဌာနတစ်ခုတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဥာဏပစ္စည်းဆိုင်ရာ အဖွဲ့ကြီး(WIPO)ကို ၂၀ဝ၁ ခုနှစ်မှာဝင်ရောက်ခဲ့ပါတယ်။ ယင်းအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည့်အခါ မူပိုင်ခွင့်အကာအကွယ် ပေးနိုင်သည့် စနစ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပြုခြင်း၊ မူပိုင်ခွင့် မူဝါဒနှင့် နည်းဗျူဟာများပြုစုခြင်း၊ မူပိုင်ခွင့် ဥပဒေများကို အကောင် အထည်ဖော်မည့် မူပိုင်ခွင့်ရုံးအတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များ ရရှိနိုင်ရေးအတွက် ပြုစုပျိုးထောင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လာခဲ့ရပါတယ်။ ၁၉၉၇ ခုနှစ်တွင် မြန်မာ နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီးချိန်တွင် အာဆီယံ အဖွဲ့ဝင်များလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့် အာဆီယံသဘောတူ ညီချက်များကို ပါဝင်ခဲ့ရသည်ဖြစ်ရာ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရေးထိုးခဲ့သည့် မူပိုင်ခွင့်များ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အာဆီယံမူဘောင်သဘောတူညီချက်တွင် ပါဝင်ခဲ့ပြီး အာဆီယံ မူပိုင်ခွင့်များ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
သို့သော်လည်း ယင်းအဖွဲ့များနဲ့ လိုက်လျောညီထွေဖြစ်မယ့် ပြည်တွင်းဥပဒေများကို ပြဋ္ဌာန်းနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ မူပိုင်ခွင့်ကိစ္စများနဲ့ ပတ်သက်လို့ ကိုလိုနီခေတ် ဗြိတိသျှနဲ့အိန္ဒိယနိုင်ငံတို့ရဲ့ ဥပဒေများကိုသာ ရည်ညွှန်း အသုံး ပြု ခဲ့ရပါတယ်။ ၁၉၀၈ ခုနှစ် ရေစစ္စတြီအက်ဥပဒေ (Registration Act)၊ ၁၉၁၄ခုနှစ် မူပိုင်ခွင့်အက်ဥပဒေ( Copy Right Act) ၊ ၁၉၄၆ခုနှစ် မြန်မာတီထွင်မှုနဲ့ ဒီဇိုင်းအရေးပေါ်အက်ဥပဒေ Myanmar Patents and Designs (Emergency Provision) Act များနဲ့ ရာဇသတ်ကြီးဥပဒေ (Panel Code)နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ ဥပဒေများ(Civil laws) အပေါ်မှာသာ မှီခိုအားထားခဲ့ရပါတယ်။ ဒါကြောင့် ယခင်ကသိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနဟာ ရှေ့နေ ချုပ်ရုံးနဲ့ သက်ဆိုင်ရာဝန်ကြီး ဌာနများနဲ့ ပူးပေါင်းပြီး မူပိုင်ခွင့်ဥပဒေ များကို ၂၀ဝ၃ခုနှစ်က စတင်လို့ပြုစုခဲ့ပါတယ်။ ယင်းဝန်ကြီးဌာနရဲ့ သုတေသနနဲ့ တီထွင်ဖန်တီးမှု ဦးစီးဌာန (Department of Research and Innovation) အောက်က မူပိုင်ခွင့်ဌာနခွဲကို ထူထောင်ထားရှိပြီး မူပိုင်ခွင့်ဌာနများကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနကို လက်ရှိအစိုးရလက်ထက်မှာ ပညာရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ဖွဲ့စည်းခဲ့ချိန်မှာ မူပိုင်ခွင့်ဌာနခွဲဟာ ပညာရေးဝန်ကြီးဌာန၊ သုတေသနနဲ့ တီထွင်ဖန်တီးမှုဦးစီးဌာနရဲ့ အောက်ကဌာနခွဲတစ်ရပ် ဖြစ်လာပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ မူပိုင်ခွင့်ဥပဒေများမှာ မူပိုင်ခွင့် အခွင့်အရေးများကို အကောင်အထည်ဖော်မဲ့ တာဝန်ခံဝန်ကြီးဌာနကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအဖြစ် ပြည်ထောင် စုလွှတ်တော်က သတ်မှတ်ခဲ့တာကြောင့် ယင်းဥပဒေပြဋ္ဌာန်းပြီးချိန် မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ မူလ မူပိုင်ခွင့်ဌာနခွဲကို ဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းရယူပြီး မြန်မာ မူပိုင်ခွင့်ရုံးအဖြစ် ပြင်ဆင်ဖွဲ့စည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မူလလေ့ကျင့်ပြီးသား ဝန်ထမ်းများ အပြင် ဝန်ထမ်းအသစ်များကိုလည်း ထပ်မံခေါ်ယူလေ့ကျင့်ပေးရန် စီစဉ်ခဲ့ပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်နဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်များဖြစ်တဲ့ ရန်ကုန် နဲ့ မန္တလေးမြို့များမှာ မြန်မာမူပိုင်ခွင့်ရုံးများ ဖွင့်လှစ်နိုင်ရန် ဆောင် ရွက်ခဲ့ပါတယ်။ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ရာမှာ ကုန်အမှတ်တံဆိပ် ဥပဒေကို ဦးစားပေးအကောင်အထည်ဖော်သွားမှာ ဖြစ်ပြီး ယခုနှစ်အကုန်ပိုင်းခန့်မှာ ကုန်အမှတ်တံဆိပ်ဆိုင်ရာရုံးကို စမ်းသပ်ဖွင့်လှစ်နိုင်အောင် (Soft Opening) ဖွင့်လှစ်နိုင်အောင် ရည် မှန်းချက်ထားရှိ ဆောင်ရွက်နေပါတယ်။ ယင်းရုံးရဲ့ တရားဝင်ဖွင့်လှစ် မှု (Grand Opening) ကိုတော့ ၂၀၂၀ ခုနှစ်၊ နှစ်လယ်မှာ ဆောင်ရွက် နိုင်ရန် စီစဉ်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်အကုန်မှာ စက်မှုဒီဇိုင်းဆိုင်ရာ မူပိုင်ခွင့်နှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ရုံးများကို အပြီးဖွင့်လှစ်နိုင် အောင် ရည်မှန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တီထွင်မှု မူပိုင်ခွင့် ရုံးကိုတော့ ၂၀၂၁ ခုနှစ်အကုန်မှာ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ဒါကြောင့် ကုန်အမှတ်တံဆိပ် ဥပဒေအရ မှတ်ပုံတင်လိုတဲ့ ကုမ္ပဏီများအနေနဲ့ ၂၀၂၀ခုနှစ်အစပိုင်းမှာ မူပိုင်ခွင့်မှတ်ပုံတင် တဲ့ရုံး စမ်းသပ်ဖွင့်လှစ်မှု (Soft Opening)မှ စတင်ပါဝင်နိုင်အောင် ဆောင်ရွက် ပေးကြဖို့ အသင့်ရှိနေကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံ ကုမ္ပဏီများမှတ်ပုံတင်မှုမှာ ဆောင် ရွက်ခဲ့တဲ့ နည်းအတိုင်း အီလက်ထရွန်နစ် (E-government)နည်း စနစ်ဖြင့် ကမ္ဘာ့ဥာဏပစ္စည်း အဖွဲ့အစည်း (WIPO) က တီ ထွင်ထားရှိတဲ့ Ipass online စနစ်ဖြင့် အင်တာနက်ဖြင့် အွန်လိုင်း မှတ်ပုံတင်မှု များကို လက်ခံသွားမှာဖြစ်ပါတယ်။ ဒီစနစ်နဲ့ အကျွမ်းတဝင်မရှိသူ များအတွက် မြန်မာမူပိုင်ခွင့်ရုံးများမှာ လက်ခံကောင်တာများဖြင့် ကူညီလက်ခံဆောင်ရွက်ပေးနိုင်အောင်လည်း ဆောင်ရွက်ပေးသွား မှာ ဖြစ်ပါတယ်။ လက်တွေ့အကောင်အထည်ဖော်မှုမှာ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ အစိုးရမဟုတ်သော အသင်းအဖွဲ့များရဲ့အကူအညီကို လည်းလိုအပ်မှာဖြစ်ပြီး ယင်းအသင်းအဖွဲ့များအနေနဲ့ မူပိုင်ခွင့်ဥပဒေ များ ပြည်သူများအတွင်း သိရှိပျံ့နှံ့ရေး၊ မူပိုင်ခွင့်ဆိုင်ရာ ကျွမ်းကျင်သူ ကိုယ်စားလှယ်များ မွေးထုတ်ပေးရေးကို ကူညီဆောင်ရွက်ပေးကြ ရမှာ ဖြစ်ပါတယ်။
မြန်မာမူပိုင်ခွင့် ဥပဒေများဟာ မြန်မာနိုင်ငံမှာ မူပိုင်ခွင့်များကို ထိရောက်စွာ အကာအကွယ်ပေးရန်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု လုပ်ငန်းများကို ပိုမိုတိုးတက်လာစေရန်၊ မူပိုင်ခွင့်များ အလွဲသုံးစား လုပ်မှုများ ကာကွယ်ရန်၊ မျှတတဲ့ဈေးကွက် ယှဉ်ပြိုင်မှုစနစ်ကို ထူထောင်ရန်၊ တီထွင်ဖန်တီးမှုများကို အားပေးရန်၊ အများပြည်သူ များအတွက် ကုန်ပစ္စည်းအတုအပများ ကင်းဝေးပြီး ဘေးကင်းလုံခြုံ မှု ကို ဖြစ်ပေါ် စေရန်၊ မြန်မာနိုင်ငံရဲ့ ထူးခြားသောဒေသထွက်ကုန်များကို အကာအကွယ်ပေးခြင်းဖြင့် ဒေသထွက်ကုန်များရဲ့ အရည်အသွေး နဲ့နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်မှုကိုမြှင့်တင်ရန်၊ တီထွင်ဖန်တီးမှုများကို အားပေးနိုင်ရန် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီဥပဒေများဟာ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ် စား အပါအဝင် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများနဲ့ ပြည်ပနိုင်ငံများမှာရှိတဲ့ ကုမ္ပဏီများရဲ့ မူပိုင်ခွင့် အခွင့်အရေးများ၊ ကုန်အမှတ်တံဆိပ်များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဗဟိုထိန်းချုပ်မှုစနစ်ကနေ ဈေးကွက်စီးပွား ရေးစနစ်နဲ့ ဒီမို ကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ဈေး ကွက်စီးပွားရေးစနစ် ပီပြင်စွာ ပေါ်ထွန်းလာရေးအတွက် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှုများကို ပထမ အကြိမ် လွှတ်တော်သက်တမ်းအတွင်းက စတင်လုပ်ဆောင်လာခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းအတွင်း ပြန်လည်ဝင်ရောက်လာခဲ့ပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ဆောင်ရွက်လာခဲ့ပါတယ်။ ဒီလို ဈေးကွက်စီးပွားရေးစနစ်ကို ကူးပြောင်း လာတာနဲ့အမျှ စီးပွားရေး တိုးတက်မှုလည်း အထိုက်အလျောက်ရရှိခဲ့ပါတယ်။ ၂၀၁၆ခုနှစ်က စတင်ခဲ့တဲ့ NLD ပါတီအစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင် ဆောင်ရွက်ခဲ့ပါတယ်။ NLD ပါတီအနေနဲ့ နိုင်ငံရေးအပိုင်းမှာ ထာဝရ ပြည်တွင်းငြိမ်းချမ်း ရေးရရှိရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးများကို ဦးတည်ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေးအပိုင်းမှာလည်း စီးပွားရေး မူဝါဒ(၁၂) ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှုရည်မှန်းချက် Sustainable Development Goals, SDGs) နဲ့ ကိုက်ညီပြီး လက်ရှိအစိုးရရဲ့ စီးပွားရေး မူဝါဒများနဲ့ ကိုက်ညီစေမယ့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable
Development Plan(MSDP), ၂၀၁၈-၂၀၃၀ ကို လည်း၂၀၁၈ ခုနှစ်အတွင်းမှာချမှတ်ထားပါတယ်။ MSDP ဟာ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင် နိုင်စေ ရန် ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို ပိုမို ဆွဲဆောင်နိုင်စေဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကိုလည်း သီးခြားစီ ဖွဲ့စည်းခဲ့ပါတယ်။ ယခင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် က တိုက်ရိုက်ကိုင်တွယ်နေမှုအစား ပြည်နယ်နဲ့တိုင်းဒေသ ကြီးများကို တာဝန်ဖြန့်ခွဲမှု (decentralization) အဖြစ် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများကို အတိုင်းအတာတစ်ခုအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်နိုင်ရန် လမ်းဖွင့်ပေးခဲ့ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးရေးအတွက် ရင်းနှီး မြှုပ်နှံမှုဥပဒေမှာ ခိုင်မာတဲ့ပြဋ္ဌာန်းချက်များကို ထည့်သွင်းရေးဆွဲထားတဲ့အပြင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု အပြန်အလှန် အကာ အကွယ် ပေးရေးသဘောတူညီချက်များကိုလည်း ချုပ်ဆိုလျက်ရှိပါတယ်။ ရင်းနှီး မြှုပ်နှံ မှု တိုးမြှင့်ရေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်လျက် ရှိပြီး ပြည်တွင်းပြည်ပရင်း နှီးမြှုပ်နှံမှုများကို အားပေး မြှင့်တင်လျက် ရှိပါ တယ်။
မြန်မာနိုင်ငံအနေနဲ့ ကုမ္ပဏီများဥပဒေကို ၂၀၁၈ခုနှစ်မှာ အာဏာသက်ဝင်စေခဲ့ပြီး ပြည်ပ မတည်အရင်းအနှီးအချိုး ၃၅ ရာခိုင်နှုန်းအထိပါဝင်တဲ့ ကုမ္ပဏီများကို ပြည်တွင်းကုမ္ပဏီများအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ အနည်းစုအစုရှယ်ယာပိုင်ဆိုင်သူများ minority shareholders များ ရဲ့အခွင့်အရေးကို အကာအကွယ်ပေး မယ့် ပြဋ္ဌာန်းချက်များကို ကုမ္ပဏီဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းပေးခဲ့ပါ တယ်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူစေမယ့် ဝန်းကျင်ကို ဖန်တီးနိုင်စေရန် ကမ္ဘာ့ဘဏ်နဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု (Ease of Doing Business) လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအစိုးရ ကာလအတွင်း ကမ္ဘာ့အဆင့်အတန်းကို ၁၀ဝ အောက်သို့ရောက်ရှိစေဖို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ် ကူအောင် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့တဲ့နိုင်ငံ ၂၀ (Top 20 Reforming Countries) စာရင်းမှာ ထည့်သွင်း ဖော်ပြခဲ့ ပါတယ်။ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်းမှာ ၁၆၅ နေရာကို ရောက်ရှိလာပါ တယ်။ ဒီအညွှန်းကိန်းဟာ အားရဖွယ်မရှိသေးပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်အတွင်းရှိခဲ့တဲ့ ၁၇၀၊ ၁၇၁၊ ၁၇၁ စတဲ့အညွှန်းကိန်းများထက် တော့ တိုးတက်တယ်လို့ ဆိုနိုင်ပါတယ်။ ဆက်လက်ပြီးတော့လည်း တိုးတက်လာအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လည်း ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု တိုးတက်ရေးလုပ်ငန်းများ တိုး တက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ဈေးကွက်စီးပွား ရေးစနစ်မှာ လိုအပ်နေတဲ့ စီးပွားရေးပတ်ဝန်းကျင်ကောင်းများ ဖြစ် ပေါ်လာရေး (good business environment) ကိုလည်း ဆောင်ရွက် လျက် ရှိပါတယ်။ ဒီလုပ်ငန်းများမှာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေ ခြင်း၊ အလုပ်အကိုင်ဖန်တီးမှုကို မြှင့်တင်ခြင်း၊ အသေးစား၊ အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူစေခြင်း၊ ကုန်သွယ်လုပ်ငန်းရှင်များ အသင်းများ ဖွဲ့စည်းမှုကို အားပေးခြင်း၊ တရားမဝင် ကုန်သွယ်မှုများကို တိုက်ဖျက်ပြီး တရားဝင်ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ထားဝယ်၊ ကျောက်ဖြူနဲ့ သီလဝါအထူးစီးပွားရေးဇုန်များကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်၍ မြန်မာနိုင်ငံရဲ့မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းအကောင် အထည်ဖော်နိုင်မှုဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ရဲ့ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းများနဲ့ ပြည်တွင်းကုမ္ပဏီများ၊ စာပေ၊ အနုပညာလုပ်ငန်းများ၊ တီထွင်ဖန်တီးသူများကိုလည်းကောင်း၊ နိုင်ငံ ခြားကုမ္ပဏီများကိုလည်းကောင်း မူပိုင်ခွင့်အပိုင်းမှာ ထိရောက်စွာ အကာအကွယ်ပေးနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးမှု အတွက် အလားအလာကောင်းသည့် နေရာတစ်ခုအဖြစ်လည်း ကောင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုပြုရာ နေရာတစ်ခုအဖြစ်လည်း ကောင်း ကမ္ဘာ့နိုင်ငံများက ပိုမိုယုံကြည်အားထားလာလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း တင်ပြအပ်ပါတယ်။
အောင်ထူး