wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ မူလအဖွဲ့ဖြစ်သော GATT အဖွဲ့စတင်ချိန် ၁၉၄၇ ခုနှစ် ကတည်းက မူလအဖွဲ့ဝင် ၂၃ နိုင်ငံတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။ ထို့ပြင် ၁၉၉၅ ခုနှစ်တွင် GATT အဖွဲ့မှ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ ပြောင်းလဲဖွဲ့စည်းချိန်တွင်လည်း အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခဲ့ပါသည်။ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် National Enquiry Point for WTO အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတွင် တာဝန်ပေးအပ် ထားပါသည်။ လက်ရှိတွင် သံမှူးအဖြစ် တာဝန်ပေးအပ်ထားသူမှာ ဦးစိုးမြင့်အောင်ဖြစ်၍ ဆက်သွယ်နိုင်သည့် အီးမေးလ်လိပ်စာမှာ [email protected] ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဝန်ကြီးများအဆင့် ညီလာခံကို ၂ နှစ်လျင်တစ်ကြိမ် ကျင်းပခဲ့ရာ မြန်မာ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒေသတွင်းကျင်းပသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သဘောတူညီ ချက်များဆိုင်ရာများနှင့်စပ်လျဉ်းသည့် သင်တန်း၊ ဆွေးနွေးပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံရှိ သက် ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအား စေလွှတ်တက်ရောက်စေပါသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲများနှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲများကိုလည်း မြန်မာနိုင်ငံမှ လက်ခံ ကျင်းပပေးခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြေခံမူများမှာ-

(က) ကုန်သွယ်မှုတွင် ခွဲခြားမှုမရှိစေရေး၊

(ခ) ညှိနှိုင်းဆွေးနွေးမှုများဖြင့် လွတ်လပ်စွာကုန်သွယ်မှုကို ဖော်ဆောင်ရေး၊

(ဂ) ပွင့်လင်းမြင်သာမှုရှိစေရေး၊

(ဃ) မျှတစွာယှဉ်ပြိုင်မှုကိုအားပေးရေး၊

(င) ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အားပေးရေး တို့ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ-

(က) အဖွဲ့ဝင်နိုင်ငံများမှ သဘောတူညီခဲ့သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကို လိုက်ပါအကောင်အထည်ဖော်ရေး စီမံခန့်ခွဲရန်၊

(ခ) ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန်၊

(ဂ) ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုပြသနာများ ဖြေရှင်းဆောင်ရွက်ရန်၊

(ဃ) နိုင်ငံအလိုက် အမျိုးသား ကုန်သွယ်မှုမူဝါဒများကို ဆန်းစစ်ရန်၊

(င) ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်းပညာဆိုင်ရာအကူအညီနှင့် သင်တန်းများပေးရန်၊

(စ) အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တို့ဖြစ်ပါသည်။

ဒိုဟာညှိနှိုင်းဆွေးနွေးပွဲများ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ပြီးနောက် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စတုတ္ထအကြိမ် ဝန်ကြီးများအဆင့်ညီလာခံ၏ ဆုံးဖြတ်ချက်အရ ဒိုဟာညှိနှိုင်းဆွေးနွေးပွဲများကို ကျင်းပလျှက်ရှိပါသည်။ အဆိုပါ စေ့စပ်ဆွေးနွေးပွဲ၏ အစီအစဉ်များကို ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး နှင့် လွတ်လပ်ပြီးတရားမျှတသော ကမ္ဘာ့ကုန်သွယ်မှုစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရေး ဦးတည်ချက်များနှင့် ချမှတ်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

ဒိုဟာဖွံ့ဖြိုးမှုအစီအစဉ်( Doha Development Agenda DDA)ဆွေးနွေးပွဲများကို ၂၀၀၂ခုနှစ်မှ စတင်ခဲ့ရာ ၂၀၁၁ခုနှစ်တွင် ၁၀စုနှစ်အတွင်း ချဉ်းနင်းဝင်ရောက်ပြီးဖြစ်ပါသည်။ ၂၀၁၁ခုနှစ်အကုန်နှင့် ၂၀၁၂ခုနှစ်အစောပိုင်းကာလများတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အသစ် ပြန်လည်ရွေးချယ်ရန် ရှိနေသဖြင့် ၂၀၁၁ခုနှစ်သည် ဆွေးနွေးပွဲများ အဆုံးသတ်ရေးအတွက် နောက်ဆုံးအခွင့်အရေးကာလ ဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးက အတတ်နိုင်ဆုံး ကြိုးစားရန် လိုအပ်လျှက်ရှိပါသည်။

 

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လေ့ကျင့်ခန်းဆောင်ရွက်မည့်ကိစ္စဆိုင်ရာတင်ပြခြင်း

၁။ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လေ့ကျင့်ခန်းကို ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရှိ ကုန်သွယ်မှုနှင့် ဆက်စပ်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို ၂၀၁၂ ခုနှစ်၊ မေလ နှင့် ဇွန်လ ဆန်းပိုင်းတွင် (၂)ကြိမ် ဖိတ်ကြား၍၊ WTO ဆိုင်ရာ အချက်အလက်များ ကို ရှင်းလင်းတင်ပြခြင်း၊ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာကိစ္စများကို ဆောင် ရွက်ခဲ့ပါသည်။

၂။ ထို့အပြင် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် WTO မှ ကျွမ်းကျင်သူ Expert (၂)ဦးသည် နေပြည်တော်သို့ လာရောက်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ကြား၍ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း ဆိုင်ရာကိစ္စများကို အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း ခဲ့ကြပါသည်။

၃။ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လေ့ကျင့်ခန်းကို စတင် ဆောင်ရွက်နိုင်ရန် သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူခဲ့ရာ သမ္မတရုံးမှ ၁၇-၁၀-၂၀၁၂ ရက်နေ့စွဲပါစာအမှတ်၊ ၁၀(၈)/၇/ သမ္မတရုံး ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။

၄။ ယခုအခါ WTO မှ ကုန်သွယ်မှုနှင့်ဆက်နွယ်နေသည့် အချက်အလက်များဆိုင်ရာ မေးခွန်းလွှာ များကို ပေးပို့လာပါသဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက ယင်းတို့နှင့်သက်ဆိုင်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့ အစည်းများသို့ ဆက်လက်ပေးပို့ရန် ဆောင် ရွက်လျှက်ရှိပါသည်။

၅။ သက်ဆိုင်ရာဌာနများမှ ဖြေကြားလွှာများလက်ခံရရှိပါက ပြန်လည်စုစည်းကာ WTO သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ပါသည်။

၆။ WTO အတွင်းရေးမှူးခုျပ်ရုံးမှလည်း အဆိုပါဖိတ်ကြားလွှာများကို ပြန်လည်လေ့လာဖတ်ရှုကာ မရှင်းလင်းသည့်အချက်များ၊ ပိုမိုသိရှိလိုသည့်အချက်များကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြန်လည်ဆွေးနွေးညှိနှိုင်းနိုင်ရန်အတွက် WTO မှ ကျွမ်းကျင်သူ Expert များသည် နေပြည်တော်သို့ ထပ်မံလာရောက်၍ ဆွေးနွေးညှိနှိုင်းမည်ဖြစ်ပါသည်။ အဆိုပါဆွေးနွေးညှိ နှိုင်းချက်များအပေါ် WTO အတွင်းရေးမှူးခုျပ်ရုံးက ၎င်းတို့၏အစီရင်ခံစာ(မူကြမ်း)ကို ပြုစုကာ မြန်မာနိုင်ငံသို့ပေးပို့၍ သဘောထားမှတ်ချက်ပြန်လည်တောင်းခံမည်ဖြစ်ပါသည်။

၇။ WTO အတွင်းရေးမှူးခုျပ်ရုံးက သဘောထားမှတ်ချက်ပြန်လည်တောင်းခံလာပါက သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်ကိုရယူတောင်းခံပြီး WTO အတွင်းရေးမှူးခုျပ်ရုံးအဖွဲ့သို့ ဆက်လက်ပေးပို့သွားပါမည်။

၈။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း မိမိတို့နိုင်ငံနှင့်သက်ဆိုင်သည့် အစီရင်ခံစာ (မူကြမ်း)ကို ပြုစုကာ အထက်အဖွဲ့အစည်းသို့ တင်ပြအတည်ပြုချက်ရယူပြီး၊ WTO အတွင်းရေးမှူးခုျပ်ရုံးအဖွဲ့သို့ ဆက်လက်ပေးပို့သွားပါမည်။

၉။ အဆိုပါအစီရင်ခံစာ (၂)ခုအပေါ် WTO အခြားအဖွဲ့ဝင်နိုင်ငံများက သိရှိလိုသည်များမေးမြန်း လာပါက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းကာ ပြန်လည်ဖြေကြားသွားမည်ဖြစ်ပါ သည်။

၁၀။ WTO အတွင်းရေးမှူးခုျပ်ရုံးအဖွဲ့၏ အဆိုပြုရေးဆွဲထားသော အစီအစဉ်အရ မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာအစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ WTO အတွင်းရေးမှူးခုျပ်ရုံးတွင် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကုန်ခန့်တွင် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထား ကြောင်းသိရှိရပါသည်။ ထို့သို့ဆောင်ရွက်ပြီးပါက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လေ့ကျင့်ခန်းလုပ်ငန်းစဉ်ပြီးမြောက်မည်ဖြစ်ပါသည်။