နောက်ဆုံးရ သတင်း

အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Centre) မှကြီးမှူး၍  ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၄ ရက်ထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အာဆီယံ-ဂျပန်စင်တာခန်းမတွင် CLMV Trade Missions with Business Meetings ပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။ပြပွဲတွင် လူနေမှုဘ၀ (Lifestyle) ကိုပေါ်လွင်စေသည့် ပစ္စည်းများဖြစ်သည့် အသေးစားအိမ်သုံး ပရိဘောဂပစ္စည်း၊ ထိုင်ခုံစွပ်၊ ပန်းကန်ခွက်ယောက်များ၊ အိမ်တွင်းအလှဆင်ပစ္စည်းများစသည့် လုပ် ငန်းများ ပါဝင်ပြသမည်ဖြစ်သည်။ အဆိုပါပွဲအား CLMV နိုင်ငံများမှ အိမ်တွင်းအလှဆင်ပစ္စည်းများ ဂျပန်ဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်နိုင်စေရန်နှင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်သည်။
ပြပွဲတွင် Liftstyle ပစ္စည်းများကို CLMV နိုင်ငံများမှ တစ်နိုင်ငံလျှင် ကုမ္ပဏီ ငါးခုမှ ခြောက်ခု အထိ ပါဝင်ပြသမည်ဖြစ်ပြီး စုစုပေါင်းပြသသူ ၂၄ ဦးမှ ၂၈ ဦးအထိ ပါဝင်ပြသမည်ဖြစ်သည်။ အဆိုပါပြပွဲအတွက် အာဆီယံ-ဂျပန်စင်တာမှ တာဝန်ရှိသူတစ်ဦးနှင့် အိမ်တွင်းအလှဆင်ဒီဇိုင်း ကျွမ်းကျင်သူတစ်ဦးသည် ၂၀၁၂ ခုနှစ် သြဂုတ် ၈ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ပြီး သြဂုတ် ၉ ရက်မှ ၁၀ ရက်များတွင် အဆိုပြုကုမ္ပဏီများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စည်းကမ်းချက်များဖြစ်သည့် ကုန်ပစ္စည်းအရည်အသွေးမီ ထုတ်လုပ်နိုင်မှု၊ ဂျပန်ဈေးကွက် အကြိုက် ထုတ်လုပ်နိုင်ခြင်း ရှိ၊ မရှိစသည်တို့ကိုစစ်ဆေး၍ ပါဝင်ပြသရန် ကုမ္ပဏီ ငါးခုမှ ခြောက်ခုအထိ ရွေးချယ်မည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကုမ္ပဏီတစ်ခုစီမှ  တစ်ဦးစီအတွက် အသွားအပြန် လေယာဉ်စရိတ်၊ တည်းခို နေထိုင်စရိတ်နှင့် ဒေသတွင်းသွားလာစရိတ်များကို အာဆီယံ-ဂျပန်စင်တာမှ ကျခံပေးမည်ဖြစ်ပါသည်။ စိတ်ဝင်စားသည့် မြန်မာကုမ္ပဏီများအနေဖြင့် ဇွန် ၂၅ ရက်မတိုင်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ကုန်စည်ပြပွဲဌာနစိတ်ဖုန်း ၀၆၇-၄၀၈၄၁၁၊ ဖက်စ် ၀၆၇-၄၀၈၃၁၁ နှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ပြပွဲဌာနတို့သို့ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါသည်။                                                              
KKK

ပင်လယ်ရေကြောင်းမှ နိုင်ငံတကာသို့ မြန်မာ့နှမ်းတင်ပို့ရောင်းချမှုသည် နှစ်စဉ်မှန်မှန် တိုးတက် လျက်ရှိပါတယ်။ နှမ်းကို ကုန်ကြမ်းအဖြစ်ရောင်းချ၍ လည်းကောင်း၊ ကုန်ချောအဖြစ် အခွံချွတ်၍ လည်းကောင်း၊ နှမ်းလှော်မှုန့်ပြုလုပ်၍ လည်းကောင်း တင်ပို့ရောင်းချကြပါတယ်။နှမ်းကိုဆီကြိတ်၍ လည်းကောင်း၊ စားသုံးရန်မုန့်အမျိုးမျိုး ပြုလုပ်ရာတွင် အသုံးပြု၍ လည်းကောင်း စားသုံးကြပါတယ်။ နှမ်းဆီကို စားသုံးခြင်းဖြင့်နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ လေဖြတ်ခြင်း မှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် အတွက်လည်း လူအများ ယုံကြည်နှစ်သက်စွာ စားသုံးကြပါတယ်။ဈေးကွက်များတွင် အဓိကရောင်းချရတဲ့ နှမ်းတွေကတော့ သိပ္ပံနှမ်း၊ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနီနှင့် ပန်းနှမ်းစသည့် အမျိုးအစားများဖြစ်ပါတယ်။ တင်ပို့ရောင်းချတဲ့ ဈေးကွက်တွေကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ယူအေအီးနှင့် အိန္ဒိယ စသည့် အာရှနိုင်ငံများဖြစ်ပြီး အီးယူနိုင်ငံအချို့သို့လည်း အနည်းငယ်တင်ပို့ ရောင်းချခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ နိုင်ငံတကာသို့ မြန်မာ့နှမ်းတင်ပို့ရောင်းချခဲ့မှုအနေဖြင့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၂၄၀၀၀ ကျော်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၉၀၀၀ ကျော်နှင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် တန်ချိန် ၃၆၀၀၀ ကျော်ဖြစ်တဲ့အတွက် နှစ်စဉ်တိုးတက် တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။                                                                
သန်းအုန်း

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၃ ခုနှစ်မှစ၍ ဆန်စပါးကို အစိုးရမှ တိုက်ရိုက်ဝယ်ယူခြင်းမပြုတော့ဘဲ လွတ်လပ်စွာရောင်းဝယ် ခွင့်ပြုသည့် ဆန်စပါးမူဝါဒသစ်ကို စတင်ကြေညာခဲ့ပြီး ၂၀၀၈ ခုနှစ်မှစ၍ ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပသို့လွတ်လပ်စွာ ဆန်တင်ပို့ရောင်းချခွင့်ပြုပေးခဲ့ပါသည်။ များသောအားဖြင့် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်များကိုသာ တင်ပို့ခဲ့ကြကြောင်း သိရှိရပါသည်။ နောက်ပိုင်းတွင် တန်းမြင့်ဆန်များ ဖြစ်သော ဧည့်မထ စူပါ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်း စသော တန်းမြင့်ဆန်များအား ထုတ်လုပ်တင်ပို့လာခဲ့ပါသည်။
ယခုလက်ရှိအချိန်တွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် ၃၃၀-၃၄၀ ဒေါ်လာဈေးနှုန်းသာ ရရှိသော်လည်း ဧည့်မထ စူပါ ၅ ရာခိုင်နှုန်း တစ်တန်လျှင် ၄၀၀-၄၁၀ ဒေါ်လာထိ ဈေးနှုန်းရရှိသဖြင့် တန်းမြင့်ဆန် ထုတ်လုပ်တင်ပို့ခြင်းဖြင့် ဈေးနှုန်းအားဖြင့် ပိုမိုရရှိကြောင်းသိရှိရပါသည်။ စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံ ဖြစ်သည်နှင့်အညီ မျိုးကောင်းမျိုးသန့် စပါးများ ရွေးချယ် စိုက်ပျိုးပြီး ခေတ်မီအဆင့် အတန်းမြင့်သော ဆန်ကြိတ်ခွဲစက်များ ဝယ်ယူတည်ဆောက်ကာ တန်းမြင့်ဆန်များ ထုတ်လုပ် တင်ပို့နိုင် ရေးကြိုးပမ်းဆောင်ရွက်သင့်သည့် ကာလဖြစ်ပါသည်။ ကုမ္ပဏီတစ်ခုမှ ဆင်းသွယ်လတ် ၅ ရာခိုင်နှုန်း ဆန် ၁၂၅ တန် အား တစ်တန်လျှင် ၄၆၀ ဒေါ်လာ ဈေးနှုန်းဖြင့် အာဖရိကတိုက် အင်ဂိုလာနိုင်ငံသို့ တင်ပို့ရန် ပို့ကုန်လိုင်စင် လျှောက်ထား လာသဖြင့် ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ သတင်းရရှိပါသည်။ ယခုတင်ပို့မည့် အင်ဂိုလာနိုင်ငံသို့ ယခင်ကတင်ပို့ခဲ့ဖူးခြင်းမရှိဘဲ ဈေးကွက်သစ်ရရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာ့ဆင်းသွယ်လတ် စပါးအား တန်းမြင့်ဆန်အဖြစ် ကြိတ်ခွဲထုတ်လုပ်ပြီး ဈေးကွက်အသစ်သို့ ဈေးကောင်းကောင်းဖြင့် တင်ပို့ရောင်းချတော့ မည်ဖြစ်ကြောင်း သတင်းကောင်းပါး တင်ပြအပ်ပါသည်။                                          
သက်နိုင်ဦး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း မြို့မှာ ၂၀၁၂ ခုနှစ်၊ ဇွန် ၆ ရက်မှ ၁၀ ရက်အထိ ကူမင်း ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ  ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် အဖွဲ့ဝင်များဖြစ်ကြတဲ့ နယ် စပ်ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူုးချုပ် ဦးခင်မောင်လေး၊ ရှမ်း ပြည်နယ် မူဆယ်ခရိုင် ခရိုင်အုပ်ချုပ် ရေးမှူး ဦးမိုးဟိန်းတို့ တက်ရောက်ခဲ့ တယ်လို့ သတင်းရရှိပါတယ်။
ဒါ့အပြင်  သမဝါယမဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ကုန်သည်စက်မှု အသင်းချုပ်မှတာဝန်ရှိသူများနဲ့ အသင်း ဝင် ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း ၃၆ ဦးက အဆိုပါကုန်စည်ပြပွဲမှာ ပါဝင်ဆင် နွှဲခဲ့ကြပါတယ်။ ကူမင်းမြို့ကုန်စည်ပြပွဲမှာ ကုန်သည် စက်မှုအသင်းချုပ်မှ ကုမ္ပဏီ ၂၀ ခုနဲ့ သမဝါယမကုမ္ပဏီရှစ်ခုမှ  ကုန်သည် လုပ်ငန်းရှင်များက မြန်မာ့ပို့ကုန်၊ သွင်း ကုန်ပစ္စည်းများဖြစ်တဲ့ လယ်ယာထွက် ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်း များနဲ့ ကျောက်မျက် ရတနာပစ္စည်းများ ကို ပြသခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါကုန်စည်ပြပွဲမှာ မြန်မာ့ပို့ ကုန်ပစ္စည်းများကို မြန်မာ့အမျိုးသား ဆောင်ပြခန်းအပါအဝင်  ဌေးသစ္စာ ကုမ္ပဏီ၊ မြန်မာ့ သစ်တောထွက်ပစ္စည်း ထုတ်လုပ်တင်ပို့   ရောင်းချသူများ အသင်း၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများ အသင်း၊ သမဝါယမအသင်းများ၊ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း၊ မြန်မာ့ သစ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာ မေကောင်း  ကုမ္ပဏီတို့မှ စုစုပေါင်း ပြခန်း ၃၀ ပြသခဲ့ကြတယ်လို့ သိရှိရပါတယ်။                                     
အေးအေး

အဖိုးတန်သစ်အမျိုးမျိုး၊ ပန်းမန်အမျိုးမျိုး၊ ဆေးဘက်ဝင် ပရဆေးကုန်ကြမ်းအမျိုးမျိုးးနှင့် သဘာဝပေါက်ပင်များပေါက်ရောက် လျက်ရှိသည့် မြန်မာနိုင်ငံတွင် ကွမ်းသီးပင်များကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိနေကြပြီ ဖြစ်ပါတယ်။ ကွမ်းသီးအား ကွမ်းယာထဲတွင် ထည့်စား၍သော် လည်းကောင်း၊ အဝတ်အထည်ပိတ်စများအား အရောင်ဆိုးရာတွင် အရောင်မပျက်စေရန်အတွက် အရောင်ချုပ်ဆေးအဖြစ်သော်လည်းကောင်းအသုံးပြုလျက်ရှိကြပါတယ်။ မြန်မာနိုင်ငံသည် ပြည်ပပို့ကုန်ဝင်ငွေရရှိရေးအတွက်  ပြည်တွင်းမှထုတ်ကုန်အမယ်များ အား ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကွမ်းသီးအား ကွမ်းသီး(အလုံး) ၊ (အခြမ်း)နှင့် ကွမ်းသီးစိတ်ဟူ၍ ပါကစ္စတန်၊ စင်ကာပူနှင့် ဆောဒီအာရေဗျနိုင်ငံများ သို့ ပင်လယ်ရေကြောင်းမှတစ်ဆင့်တင်ပို့လျက်ရှိပါတယ်။
ထို့အပြင် ကွမ်းသီးမှထွက်ရှိသည့် ဘေးထွက်ပစ္စည်းဖြစ်သည့် ကွမ်းသီးအခွံသည်လည်း ပို့ကုန်ဝင်ငွေရှာဖွေပေးနေသည့် အမယ်တစ်ခုအဖြစ် ရပ်တည် လျက်ရှိနေပါတယ်။ ကွမ်းသီးအခွံအား ဗီယက်နမ်၊ စင်ကာပူ၊ ပါကစ္စတန်နှင့် ဆော်ဒီအာရေဗျနိုင်ငံ များသို့ တင်ပို့လျက်ရှိရာ ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၄၀၀ ကျော်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၃၅၀ ကျော်နှင့် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၄၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။မြန်မာနိုင်ငံတွင် ကွမ်းသီးကို မြန်မာ့ရိုးရာကွမ်းယာတွင် ထည့်သွင်းစားသုံးခြင်းနှင့် ပြည်ပနိုင်ငံများတွင် အဝတ်အထည်များ အရောင်ဆိုးရာတွင် အရောင်ချုပ်ဆေးအဖြစ်အသုံးပြုသကဲ့သို့ ၎င်းကွမ်းသီး၏ အခွံကိုလည်း ပြည်ပနိုင်ငံ များတွင် စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုလျက်ရှိရာ အမှိုက်မှ နိုင်ငံခြားငွေ ရှာဖွေပေးနိုင်သော မြန်မာ့ကွမ်းသီးအခွံအကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။                                                 
စန္ဒာထွန်း

Pages

Subscribe to နောက်ဆုံးရ သတင်း