နောက်ဆုံးရ သတင်း

ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee-DEDC)၊ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ၏  ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/ ၂၀၂၄) ကို  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်၊ နေ့လယ် (၁၃:၃၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၃၊ ညီလာခံခန်းမ၌  ဥက္ကဋ္ဌ ၁ ဖြစ်သူ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် ဥက္ကဋ္ဌ ၂ ဖြစ်သူ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

အစည်းအဝေးသို့ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများ၊ DEDC Joint Task Force မှ တာဝန်ရှိသူများ၊ DEDC အတွင်းရေးမှူး ၁ ရုံးအဖွဲ့မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ လုပ်ငန်းကော်မတီ အသီးသီးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း များကို ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၁ နှင့် ဥက္ကဋ္ဌ ၂ တို့ထံ တင်ပြခဲ့ကြပါသည်။ အထူး သဖြင့် DEDC Joint Task Force က ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲထားသည့် မြန်မာ ဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံအသစ် (ပထမမူကြမ်း)ကို အပြီးသတ်ဆွေးနွေး၍ အတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော် မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BAIC ARCFOX α T အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ တရုတ်နိုင်ငံထုတ် BAIC ARCFOX α S အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ တရုတ်နိုင်ငံထုတ် BAIC BEIJING EU5 Plus အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Auto Top Power Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor, T03 (Luxury)အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ တရုတ်နိုင်ငံထုတ် Leapmotor, C11 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၂-၂-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ရောက်ရှိပြီး တာဝန်ခံတစ်ဦးမှ ဆီများ ပြည်ပမှမှာယူရောက်ရှိမှု၊ သိုလှောင်ထားရှိမှု၊ ပြည်တွင်း စားသုံးသူများထံသို့ ဖြန့်ဖြူးပေးနေမှုတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စားသုံးဆီအရည်အသွေး စစ်ဆေးမှုအခြေအနေများ၊ ပြည်သူများစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ပြည်တွင်းဖြန့်ဖြူး နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးများနှင့်အညီ ဖြန့်ဖြူးရေးနှင့် လျော့နည်းမှုမရှိစေရေးတို့အား အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆူးလေဆိပ်ကမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အသင်းဝင်ကုမ္ပဏီ (၁၁) ခုက ပြည်ပသို့ ဝမ်းပုံ (In Bulk) စနစ်ဖြင့် ဆန်တင်ပို့ရန် MV. Vega Granat သင်္ဘောပေါ်သို့ ဆန်တင်ပို့ဆောင်ခြင်းလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ပသို့ တင်ပို့မည့် ဝမ်းပုံ (In Bulk)စနစ်ဖြင့် ပြောင်းများအား အလုံဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိသော HONG LINH-1 နှင့် MV.PIONEER FORTUNE သင်္ဘောများပေါ်သို့ တင်ဆောင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကြည်မြင်တိုင်မြို့နယ်၊ ထီးတန်း ဆိပ်ကမ်းသို့ ရောက်ရှိပြီး စားသုံးဆီများသိုလှောင်ထားရှိမှု၊ ဆီပေပါများအတွင်း ထည့်သွင်းနေမှုနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးသို့ ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်နေမှုတို့အား ကြည့်ရှု စစ်ဆေးပြီး စားသုံးဆီများ အရေအတွက်နှင့်အလေးချိန်ပြည့်မီစေရေး၊ အများပြည်သူ လက်ဝယ်သို့ အချိန်မီဖြန့်ဖြူးပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် ဖေဖော်ဝါရီလ ၁၈

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၁၄၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BAIC ARCFOX α T အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်  လျှပ်စစ်သုံးယာဉ်အား သွင်းစက်များ၊ Super Seven Star Motors Industry Co.,Ltd မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံ ထုတ် KIA NIRO အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာပါသဖြင့် ၁၆-၂-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်း ရရှိ သည်။

Pages

Subscribe to နောက်ဆုံးရ သတင်း