ငွေလဲနှုန်းများ တည်ငြိမ်လျက်ရှိ

Mon, 01/12/2015 - 13:56 -- admin_ygn

   ယခုတစ်ပတ်အတွင်းတွင် ငွေလဲနှုန်းများငြိမ်သက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ သိမ်ဖြူငွေလဲစင်တာတွင် တစ်ပတ်အတွင်းဈေးအပြောင်းအလဲမရှိဘဲ အဖွင့်ဈေးအတိုင်း ငြိမ်သက်လျက်ရှိပြီး အရောင်းအဝယ်မှာလည်း ပုံမှန်အတိုင်းသာရှိကြောင်းသိရသည်။ အေဂျီဒီဘဏ်တွင်မူ အမေရိကန်ဒေါ်လာများကို အရောင်းသာရှိ၍ အဝယ်ကိုမူပိတ်ထားကြောင်း ပန်းဆိုးတန်းလမ်း ရှိ ငွေလဲစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
   ''ဘဏ်တွေမှာတော့ ဒေါ်လာတွေကို အဝယ်ကိုပိတ်ထားပြီး အရောင်းကိုပဲဖွင့်ပေးထားတယ်။ အဲဒါက သူတို့ဘဏ်တွေမှာ ငွေတွေပိုနေလို့ပဲ။ ဟိုအရင်ရက် တွေတုန်း ကတော့ အရောင်းကိုလက်ခံထားပြီး အဝယ်ကိုပိတ်ထားတယ်။ ခုကျတော့ အရောင်းကိုဖွင့်ထားပြီးအဝယ်ကိုပိတ်တယ်။ ဒါကဘဏ်ရဲ့ဒေါ်လာလိုအပ်ချက်ပေါ်မူတည်ပြီး အရောင်းအဝယ် လုပ်တဲ့သဘောပဲ။ ကျွန်တော်တို့ အပြင်က ပုဂ္ဂလိကငွေလဲစင်တာတွေမှာတော့ လာဝယ်ရင်လည်းရောင်းပေးတယ်။ ပြန်ရောင်းရင်လည်း ဝယ်ပေးပါတယ်။ ပမာဏကိုလည်း သတ်မှတ်ထားခြင်းမရှိပါဘူး။ သိမ်ဖြူငွေလဲစင်တာက ရောင်းဈေး၊ ဝယ်ဈေးနဲ့တော့ နည်းနည်းကွာတာပေ့ါ။ ကျွန်တော်တို့ ငွေလဲစင်တာတွေမှာတောင် တစ်ခုနဲ့တစ်ခု မတူဘူး။ အနည်းဆုံး နှစ်ကျပ် သုံးကျပ်တော့ကွာတာပဲ။ ဒါကလည်း ကျွန်တော်တို့ရဲ့ လိုအပ်ချက်ကို မူတည်ပြီး ရောင်းဈေး ဝယ်ဈေးကိုသတ်မှတ်ပေးတာပါ။ ဒီတစ်ပတ်ကတော့ ဈေးက အတက်အကျသိပ်မရှိဘူး။ ပုံမှန်အတိုင်းပဲ အရောင်းအဝယ် ဖြစ်နေပါတယ်''ဟု ပုဂ္ဂလိကငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
   သိမ်ဖြူ ငွေလဲစင်တာတွင် ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အတွင်း ရောင်းဈေး ၁၀၃၃ကျပ်၊ ဝယ်ဈေး ၁၀၂၈ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ သည်။ပြင်ပ ငွေလဲစင်တာများတွင်မူ ဇန်န ဝါရီ ၅ ရက်တွင် ရောင်းဈေး ၁၀၄၀ကျပ်၊ ဝယ်ဈေး ၁၀၃၆ ကျပ်ရှိခဲ့သော်လည်း ဇန်နဝါရီ ၉ရက်တွင်မူ ရောင်းဈေး ၁၀၃၉ ကျပ်၊ ဝယ်ဈေး ၁၀၃၅ ကျပ်ရှိခဲ့သည်။

မယ်သီတာ

Local Trade News

Pages