WTO-WCO အလုပ်ရုံဆွေးနွေးပွဲတွင် ကုန်စည်ကုန်သွယ်မှုအတွက် အမျိုးတူကုန်ပစ္စည်းခွဲခြားဖော်ပြ သတ်မှတ် သည့်စနစ် (Harmonized System-HS) အဆင့်မြှင့်တင်ရေးကိစ္စများကို ဆွေးနွေးခဲ့

Tue, 10/25/2022 - 05:38 -- wtodep

ကမ္ဘာ့အကောက်ခွန်အဖွဲ့ (World Customs Organization - WCO)နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization - WTO)တို့သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အမျိုးတူကုန်ပစ္စည်းခွဲခြားဖော်ပြသတ်မှတ်သည့်စနစ် (Harmonized System-HS)ကို အချိန်အလိုက် အဆင့်မြှင့်တင်ရေးကိစ္စကို  ကိုင်တွယ်ဖြေရှင်းရန် ဆွေးနွေးခဲ့ကြပါသည်။ HS ဟူသည်မှာ ကုန်စည်များကို ကုန်သွယ် ရာတွင် စံသတ်မှတ်ထားသည့် အမျိုးအစားခွဲခြားထားမှုများဖြင့် အပြည်ပြည်ဆိုင်ရာအမည်ပေးပုံစနစ် (nomenclature) ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ပါဝင်တက်ရောက်သူများသည် HS မွမ်းမံမှုများက WTO အဖွဲ့ဝင်များ၏ ကုန်စည်ကုန်သွယ်မှုနှင့်စပ်လျဉ်းသည့် အကောက်ခွန်များနှင့် အခြားကတိကဝတ်များ (အထူးသဖြင့် အကောက်ခွန်သက်သာခွင့်များ) ဆိုင်ရာ တရားဝင်အထောက် အထားများအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ပုံများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ၎င်းကိစ္စ အပေါ် WCO နှင့် WTO မှ ဆောင်ရွက်သည့်လုပ်ငန်းများအကြား အပြန်အလှန်ချိတ်ဆက်မှုများကို ပိုမို ကောင်းမွန်စွာ နားလည်သဘောပေါက်စေရန်နှင့် (HS) နှင့် ဆက်နွှယ်သည့်ကိစ္စရပ်များအပေါ် ဈေးကွက် ဝင်ရောက်ခွင့်ရရှိရေးအတွက် ကော်မတီ၏စွမ်းရည်နှင့် ကျွမ်းကျင်မှုများကို တည်ဆောက်ရာတွင် အဖွဲ့ ဝင်များ၏ မြင့်မားသော စိတ်ပါဝင်စားမှုအား အလုပ်ရုံဆွေးနွေးပွဲတွင် တုံ့ပြန်ခဲ့သည်ဟု သိရပါသည်။

ကော်မတီဥက္ကဋ္ဌဖြစ်သူ ဂျပန်နိုင်ငံမှ Kenya Uehara က HS စနစ်သည် ကုန်ပစ္စည်းများ၏ သင်္ကေတစနစ်နှင့် အမျိုးအစားခွဲခြင်းအတွက် အများသုံးဘာသာစကားတစ်ရပ်ဖြစ်ကာ နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုအား လွယ်ကူချောမွေ့စေရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် နေကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ HS ကို လက်ရှိတွင် နိုင်ငံပေါင်း (၂၁၁) နိုင်ငံမှ အသုံးပြုနေပြီး၊ ကုန်စည်ကုန်သွယ်မှု၏ ၉၈% ကျော်ကို HS ၏ သတ်မှတ်ချက်များဖြင့် ခွဲခြားထားပါသည်။ ၎င်းစနစ် အပြောင်းအလဲများသည် WTO အဖွဲ့ဝင်များ၏ အခွင့်အရေးနှင့်တာဝန်များ အထူးသဖြင့် ၎င်းတို့၏ အကောက်ခွန်ကတိကဝတ်များနှင့်ပတ်သက်၍ သက်ရောက်မှုရှိနိုင်သည်။

နည်းပညာတိုးတက်မှုများနှင့် ကုန်သွယ်မှုပုံစံအပြောင်းအလဲများကြောင့် HS ကို အချိန်ကာလအားလျော်စွာ ပြင်ဆင်ပြောင်းလဲလေ့ ရှိပါသည်။ နောက်ဆုံးပြင်ဆင်ချက်ဖြစ်သော HS 2022 မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီး များပြားလှသောကုန်ပစ္စည်းများပေါ်တွင် အဓိကပြောင်းလဲမှုများဖြင့် မိတ်ဆက်လာပါသည်။ ထို့ပြင် ကျန်းမာရေးနှင့်လုံခြုံရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် တရားမဝင်ကုန်သွယ်မှုနှင့် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးစသည့် လက်ရှိကမ္ဘာလုံး ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာပြဿနာများကိုလည်း ရည်ညွှန်းလာပါသည်။

ဥက္ကဋ္ဌက HS များပြောင်းလဲလာသည်နှင့်အမျှ WTO အဖွဲ့ဝင်များက ၎င်းတို့၏နိုင်ငံအခွန် စည်းကြပ်မှုအမည်စာရင်းတွင် ထိုကဲ့သို့သော ပြောင်းလဲမှုများကို ထည့်သွင်းရမည်ဖြစ်ပြီး ၎င်းတို့၏ WTO သို့ ကတိကဝတ် ပြုထားသည့်ဇယားများကိုလည်း မွမ်းမံပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ဤလုပ်ဆောင်ချက်ကို WTO စကားဖြင့် "အကူးအပြောင်း" ဟုခေါ်ပြီးစျေးကွက်ဝင်ရောက်ခွင့်ကော်မတီမှ HS နိုင်ငံစုံ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းစဉ်တွင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့ပါသည်။

ပြင်ဆင်ပြီးသွားသည့်ထုတ်ဝေမှုကို WCO ကောင်စီမှ အတည်ပြုပြီးသည်နှင့်စတင်၍ HS ပြန်လည်ပြင်ဆင်မှုသည် ငါးနှစ် သက်တမ်းစက်ဝန်းဖြင့် လည်ပတ်ဆောင်ရွက်ပါသည်။ ၂၀၂၂ တည်းဖြတ်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် အတည်ပြုခဲ့ပြီး (၎င်းမှာ ၂၀၂၂ ခုနှစ်တွင် အသက်ဝင်ပြီးဖြစ်ပါသည်။)၊  ၂၀၂၇ ထုတ်ဝေမှုအတွက် ပြန်လည်သုံးသပ်ခြင်းစက်ဝန်းကို ၂၀၁၉ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ HS ကော်မတီ၏ နောက်ဆုံးဆန္ဒပြုအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ အတွင်းကျင်းပရန် စီစဉ်ထားပြီးနောက်ဆုံး HS 2027 အကြံပြုချက်ကို WCO ကောင်စီသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ပြုလုပ်ရန်စီစဉ်ထားရှိပါသည်။

ဥက္ကဋ္ဌ၏ နိဂုံးချုပ်အမှာစကားတွင် ဤအလုပ်ရုံဆွေးနွေးပွဲသည် အဖွဲ့ဝင်များအား HS 2022 ကို နိုင်ငံတော်အဆင့်လက်ခံကျင့်သုံးရာတွင် အထောက်အကူဖြစ်စေပြီး၊ ကော်မတီရှိ HS 2022 အသွင်ကူးပြောင်းရေးဖိုင်များကို ပြန်လည်သုံးသပ်ရန်နှင့် ပြင်ဆင်ရန် အဆင်သင့်ဖြစ်နေစေရန်အတွက် HS အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အပေါ် ကျွန်ုပ်တို့၏နားလည်မှုကို အားကောင်းစေသည်ဟု ယုံကြည်ကြောင်း၊ WTO အတွင်းရေးမှူးရုံးမှလည်း အဖွဲ့ဝင်အားလုံးမှ အောင်မြင်စွာအသွင်ကူးပြောင်းရေး ဆောင်ရွက်နိုင်စေရန်  နောက်ထပ်မေးခွန်းများ သို့မဟုတ် စိုးရိမ်မှုများရှိလာပါက ကူညီပေးရန် အသင့်ရှိနေပါကြောင်း"ပြောကြားခဲ့ပါသည်။

(၅) နှစ်လျှင်တစ်ကြိမ်ပြောင်းလဲသည့် HS Code version အရ မြန်မာနိုင်ငံကလည်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိကို မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ ပါနှုန်းထားများအတိုင်း စည်းကြပ်ကောက်ခံခဲ့ပြီး၊ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: https://www.wto.org/english/news_e/news22_e/mark_17oct22_e.htm

ဖြူဖြူစိုး

ကုန်သွယ်ရေးဦးစီးဌာန

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

International Trade News

Pages