အိန္ဒိယမှ မူဝါဒအပြောင်းအလဲပေါ်တွင် ကမ္ဘာ့ဆန်ဈေးကွက်ငြိမ်နေ

Tue, 10/11/2022 - 07:19 -- wtodep

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

ယခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် အိန္ဒိယက ဆန်ကွဲတင်ပို့မှုတားမြစ်ခဲ့ပြီး၊ စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ဆန်ဖြူတင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်းတိုး၍ ကောက်ခံခဲ့ပါသည်။ အဆိုပါတားမြစ်မှုများအား စက်တင်ဘာလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးပေးခဲ့ပြီး၊ ယခုအခါ အောက်တိုဘာလ ၁၅ ရက်နေ့တိုင်အောင် ရွှေ့ဆိုင်းထားသဖြင့် လတ်တလော ကမ္ဘာ့ဆန်ဈေးကျဆင်းနေသည်ဟု သိရပါသည်။

အိန္ဒိယနိုင်ငံ၏ တားမြစ်ချက်အသက်ဝင်ပြီးနောက် ပါကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများအပါအဝင် ဆန်တင်ပို့သည့် နိုင်ငံများအားလုံးရှိ ကမ္ဘာ့ဆန်ဈေးကွက်မှာ အလွန်လှုပ်ခတ်ခဲ့ပါသည်။ သို့သော်လည်း အိန္ဒိယအစိုးရ၏ ပို့ကုန်စည်းမျဉ်းများ ဖြေလျှော့ပေးမှုနှင့်အတူ ယခုအချိန်တွင် စျေးကွက်ငြိမ်သက်နေသည်ကို တွေ့ရပါသည်။ ယနေ့ကမ္ဘာ့ဈေးကွက်တွင် အထင်ရှားဆုံးဆန်ရောင်းချသူများအနက် ထိုင်းနိုင်ငံမှ ကုန်စည်အားလုံး၏ ဈေးနှုန်းများမှာ စံချိန်တင်ရလောက်အောင် အဆမတန်ကျဆင်းနေပါသည်။   

အထူးသဖြင့် ၅ ရာခိုင်နှုန်း အကျိုးအကြေပါဆန် တစ်တန်လျှင် ၄၃၅ ဒေါ်လာဖြစ်နေကာ၊ ယခင်အပတ်ကထက် ၁၁ ဒေါ်လာခန့် ကျဆင်းသွားပြီး၊  စက်တင်ဘာလအစပိုင်းကထက် ၂ ဒေါ်လာသာ ပိုများသည်။ ဟွမ်မာလီကဲ့သို့သော တန်းမြင့်မွှေးဆန်တစ်တန်လျှင် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အမရိကန်ဒေါ်လာ ၉၀၀ ကျော်သာရှိ၍ တစ်တန်လျှင် ၂၂ ဒေါ်လာ ကျဆင်းသွားပါသည်။  စံပယ်ဆန်မှာလည်း ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၁၆ ဒေါ်လာသို့ ကျဆင်းသွားပြီး တစ်တန်လျှင် ၆၃၂ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

အလားတူ ပါကစ္စတန်၏ ၅ ရာခိုင်နှုန်း အကျိုးအကြေပါဆန်ဈေးနှုန်းမှာ ပြီးခဲ့သည့်သီတင်းပတ်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၇ သို့ ရုတ်တရက်တက်လာပြီးနောက် ယခုအခါ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ မှ ၃၉၃ ကြားသို့ ကျဆင်းသွားပါသည်။ အိန္ဒိယနှင့် ဗီယက်နမ်ဆန်သာလျှင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ နှင့် ၄၂၃ အသီးသီးဖြင့် ဆက်လက်တည်ငြိမ်နေခဲ့ပါသည်။

Viet Hung Co., Ltd. (Tien Giang) ၏ ဒါရိုက်တာ မစ္စတာငုယင်ဗန်ဒွန်က “အိန္ဒိယမှ ဆန်တင်ပို့မှုကိုကန့်သတ်ရန် အမိန့်ပေးပြီးနောက်၊ ယခုအချိန်အထိ ဗီယက်နမ်ဆန်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀ မှ ၅၀ ခန့်အထိမ ြင့်တက်လာခဲ့ကြောင်း၊ သို့သော်လည်း မကြာသေးမီရက်များအတွင်း အိန္ဒိယသည် ဆန်တင်ပို့မှုဆိုင်ရာမူဝါဒများစွာကို ဖြေလျှော့လိုက်သောအခါတွင် စျေးကွက်သည် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာခဲ့ကြောင်း၊  ကမ္ဘာတဝှမ်းမှ သွင်းကုန်လုပ်ငန်းရှင်များက ယခင်ကဲ့သို့ စာချုပ်များကို တက်ကြွစွာစေ့စပ်ညှိနှိုင်းခြင်း မပြုတော့သည့်အပြင်၊ ဖိလစ်ပိုင်အစိုးရကလည်း ခွဲတမ်းအသစ်ကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း၊ ယနေ့ကမ္ဘာတွင် ပျမ်းမျှဆန်ဈေးက အရမ်းမြင့်နေသဖြင့် စားသုံးရန်ခက်ခဲကြောင်း၊ တစ်ချိန်တည်းတွင် ဗီယက်နမ်၌ အထွက်နည်းပြီး၊ အလယ်ပိုင်းဒေသတွင်မိုးရာသီ၏ အထွတ်အထိပ်၌ရှိနေကြောင်း၊ အနောက်ဘက်တွင် ရေကြီးသည့်ရာသီဥတုသို့ ရောက်လာပြီး၊ ရေအတော်အတန်မြင့်လာသောကြောင့် နွေစပါးမျိုးစေ့ကြဲမည့်အချိန်ကို အနည်းနှင့်အများ သက်ရောက်မှုရှိကြောင်း၊ ၎င်းအကြောင်းများကြောင့် ဗီယက်နမ်ဆန်ဈေးကွက်တွင် ယခုမှ နှစ်ကုန်အထိ အတက်အကျအနည်းငယ်ရှိနိုင်မည်ဖြစ်သော်လည်း၊ ဈေးနှုန်းကို အတော်အသင့် ထိန်းထားနိုင်ဆဲဖြစ်ကြောင်း” ဖြေကြားခဲ့သည်ကို တွေ့ရပါသည်။

မကြာသေးမီက ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာနက ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) နှင့် ဆန်တင်ပို့ ရောင်းချသူများထံသို့ ပို့ကုန်နှင့် ပြည်တွင်းစားသုံးမှုအကြား ဟန်ချက်ညီစေရန် ဖြေရှင်းချက်များကို အကောင်အထည်ဖော်ရာတွင် ညှိနှိုင်းဆောင်ရွက်ရန် စာဖြင့် အဆိုပြုခဲ့ပါသည်။

ရေရှည်အားသာချက်

အိန္ဒိယအာဏာပိုင်များ၏ စာရင်းဇယားများအရ ပို့ကုန်ကန့်သတ်ရေးမူဝါဒကြောင့် ဆန်တန်ချိန် ၁ သန်းခန့်မှာ ယင်းနိုင်ငံရှိ ဆိပ်ကမ်းများတွင် ပိတ်မိနေခဲ့သည်ဟု သိရပါသည်။ အကြောင်းရင်းမှာ ပို့ကုန်တင်ပို့သူဘက်ကရော၊ တင်သွင်းသူဘက်ကပါ လျှောက်ထားရုံဖြင့် ထပ်ဆောင်းအခွန် ၂၀% ပေးဆောင်ရန် သဘောမတူသောကြောင့်ဖြစ်ပါသည်။ ပိတ်ပင်မှုကြောင့် အိန္ဒိယဆန်တင်ပို့သူများ၏ ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ခန့်ရှိပါသည်။

ဟိုချီမင်းမြို့တော်ရှိ Hiep Quang Agro Company ၏ ဒါရိုက်တာ Mr. Tran Vu Khanh က “မူဝါဒသစ်အတွက် လျှောက်လွှာတင်ကာလကိုသက်တမ်းတိုးရန် အိန္ဒိယအစိုးရ၏ ကြေညာပြီးနောက်၊ ၎င်းတို့ကုမ္ပဏီမှဝယ်ယူမည့် စာချုပ် ၁၀ စောင်မှာ ဆိပ်ကမ်းတွင် ပိတ်မိနေဆဲဖြစ်ကြောင်း၊ ပို့ကုန်တင်ပို့သူနှင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းသော်လည်း အောင်မြင်ဖွယ်မရှိကြောင်း၊ ထို့ကြောင့် ရွေးချယ်စရာအသစ်ရှာဖွေရန် စာချုပ်ကို ပယ်ဖျက်ဖို့စဉ်းစားနေကြောင်း" မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ဗီယက်နမ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာဖြစ်သူ ပါမောက္ခဒေါက်တာ Bui Chi Buu က “ဆန်မှာ ထိလွယ်ရှလွယ်ပစ္စည်းဖြစ်သောကြောင့် စျေးနှုန်းအလွန်အမင်း မငြိမ်မသက်ဖြစ်လေ့ရှိကြောင်း၊ ထို့ကြောင့် အစိုးရများက ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် လူမှုဖူလုံရေးတည်ငြိမ်ရန်ကဲ့သို့သော ရည်မှန်းချက်များစွာကို အောင်မြင်ရန် စျေးနှုန်းတည်ငြိမ်ရေးမူဝါဒများ ချမှတ်လေ့ရှိကြောင်း၊  ထို့ကြောင့် ကမ္ဘာ့ဆန်ဈေး အမြန်အေးသွားရခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်၏ ဆန်စပါးလုပ်ငန်းတွင် အားသာချက်များစွာရှိကြောင်း၊  စျေးနှုန်းအရ အစိုးရက ငွေကြေးဖောင်းပွမှုကို လျှော့ချခြင်းဖြင့် စားသောက်ကုန်ဈေးနှုန်းများအတွက် အကျိုးကျေးဇူးတစ်ရပ်ဖြစ်စေကြောင်း၊  ထို့အပြင် ကာလတိုစပါးမျိုးများကို ထုတ်လုပ်သောကြောင့် ထိုင်းဆန်အများစုနှင့် နှိုင်းယှဉ်ပါက သီးနှံရရှိရန် ၃-၄ လသာ အချိန်ကြာမြင့်ကြောင်း၊ ၎င်းအချက်များမှာ ကမ္ဘာ့ဆန်ဈေးကွက်အတန်ငယ်ဖိစီးနေသည့် အခြေအနေတွင် ဗီယက်နမ်၏ အားသာချက်များဖြစ်ကြောင်း” ပြောကြားခဲ့သည်ကို လေ့လာတွေ့ရှိပါသည်။

Trung An Hi-tech Agriculture Joint Stock Company (Can Tho) ၏ အထွေထွေညွှန်ကြားရေးမှူး Mr. Pham Thai Binh က စီးပွားရေးရှုထောင့်မှ မှတ်ချက်ပြုပြောကြားရာ၌ “အိန္ဒိယ၏ ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချုပ်ချယ်မှုမှာ လုံခြုံရေးပြဿနာများ၏ အရေးပါမှုကို ပြသနေကြောင်း၊ လက်ရှိကမ္ဘာတွင် အစားအသောက်အခြေအနေမှာ အတော်ဖိစီးမှုဖြစ်နေကြောင်း၊  ကမ္ဘာ့ဆန်ဈေးကွက်အတွက် ဆန်အဓိကရင်းမြစ်ဖြစ်သည့် အိန္ဒိယမှ ရောင်းလိုအားကျဆင်းခြင်းမှာ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အား အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ဗီယက်နမ်၏အားသာချက်မှာ ဆန်ထုတ်လုပ်မှုကို မြောက်မှတောင်သို့ ဖြန့်ကျက်ဆောင်ရွက်နိုင်သောကြောင့် ပို့ကုန်အတွက် တည်ငြိမ်ပြီး ပိုလျှံကြောင်း၊ သို့သော်လည်း ယနေ့ဆန်စပါးထုတ်လုပ်မှုတွင် စီးပွားရေးထိရောက်မှုပြဿနာကို ဂရုတစိုက်တွက်ချက်ရန် လိုအပ်လာကြောင်း၊ ဗီယက်နမ်ဆန်၏ အရည်အသွေးကို မကြာသေးမီနှစ်များအတွင်း တိုးတက်လာစေရန် ဆောင်ရွက်နိုင်ခဲ့ပြီး၊  ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် အဆင့်မြင့်ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံက ရေရှည်တည်တံ့သော အစိမ်းရောင်စံနှုန်းများနှင့်အညီ တန်ဖိုးကြီးဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် အရည်အသွေးမြင့် ဆန်ထုတ်လုပ်နေသည့်အဖွဲ့အစည်းအား ဆက်လက်တက်ကြွစွာ မြှင့်တင်ရန်လိုအပ်ကြောင်း၊ ပြည်ပပို့ကုန်အတွက် အရည်အသွေးမြင့်ဆန်ဟက်တာ ၁ သန်း၏ အစီအစဉ်ကို ဆက်လက်မြှင့်တင်သင့်သည်ဟု ထင်မြင်ကြောင်း၊ သို့ဖြစ်ရာ လယ်သမားများနှင့် စျေးကွက်ရှိစီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်မှု (အထူးသဖြင့် တန်ဖိုးကြီးဈေးကွက်များနှင့်ချိတ်ဆက်မှု)ကို အားကောင်းခိုင်မာစေရန်လိုအပ်ကြောင်း၊  လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ (FTAs) မှ ရရှိလာသည့် စျေးကွက်အခွင့်အလမ်းများ၏ အကျိုးကျေးဇူးကို ယူနိုင်စေရန် ဤအစီအစဉ်ကိုမြှင့်တင်ရန် လိုအပ်နေကြောင်း” ဟု Mr.Binh က ပြောကြားခဲ့ပါသည်။

ရင်းမြစ်၊  vietstock.vn/2022/10/vi-sao-thi-truong-gao-the-gioi-ha-nhiet-118-1005468.htm

 

ဒေါက်တာရွှေစင်ကို

ဒုတိယညွှန်ကြားရေးမှူး

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages