အာဖရိကဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးဥပဒေ(African Growth and Opportunity Act - 2000) ၏အကျိုးကျေးဇူးများအား ခံစားခွင့်မရမည့် အာဖရိကနိုင်ငံ လေးနိုင်ငံကိုအမေရိကန်မှ ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ယူဂန်ဒါနိုင်ငံကတုန့်ပြန်ခဲ့ခြင်း

Tue, 11/14/2023 - 03:52 -- wtodep

အာဖရိကနိုင်ငံများဖြစ်သည့် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဂါဗွန် ၊ နီဂျာနှင့်ယူဂန်ဒါတို့အား လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးဥပဒေ (African Growth and Opportunity Act - 2000) ပါ အကျိုးခံစားခွင့်များကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှစ၍ ခံစားခွင့်မရှိတော့ကြောင်း အမေရိကန်အစိုးရမှ အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါကြေညာချက်အပေါ် ယူဂန်ဒါအစိုးရက နိုဝင်ဘာ ၁ ရက်နေ့တွင် ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်း လုပ်ရပ်သည်လယ်သမားများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကိုသာ နစ်နာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ကစတင်ခဲ့သော အာဖရိကဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေး ဥပဒေသည် အာဖရိကကုန်စည်များအား အမေရိကန်သို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင် သည့် သဘောတူညီချက်တစ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့်အဂတိ ကင်းရှင်းရေးစသည့် နိုင်ငံရေးစည်းမျဉ်းအချို့ကို လိုက်နာရန် လိုအပ်မည်ဖြစ်ပါသည်။

ပြီးခဲ့သည့် မေလအတွင်း ယူဂန်ဒါနိုင်ငံက လိင်တူချင်းလက်ထပ်မှုကိုတားမြစ်သည့် ဥပဒေ(၂၀၂၃) ပြဌာန်းခဲ့ပြီးနောက် လူ့အခွင့်အရေးအုပ်စုများ၊ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများ၏ ပြစ်တင်ရှုတ် ချမှုကိုခံခဲ့ရပါသည်။ အဆိုပါဥပဒေသည် ပြစ်မှုကျူးလွန်သူများအား ပြင်းထန်သောပြစ်ဒဏ်များ ချမှတ်ထားပြီး ယူဂန်ဒါတွင် နှစ်ပေါင်းများစွာ ကျင့်သုံးခြင်းမရှိတော့သော သေဒဏ်အထိချမှတ်နိုင် ပါသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်မှ အောက်လွှတ်တော်သို့ ပေးပို့သည့်စာတွင် ယူဂန်ဒါနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

သမ္မတ Yoweri Museveni ၏ အကြံပေးပုဂ္ဂိုလ် OdrekRwabwogo က အမေရိကန်၏ ယခု ဆုံးဖြတ်ချက်ကို ယူဂန်ဒါက မကျေနပ်သော်လည်း အမေရိကန်နှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယူဂန်ဒါသည် အာဖရိကဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးဥပဒေအရ အမေရိကန်သို့ တင်ပို့နေမှုမှာ နည်းပါးသော်လည်း အမေရိကန်နှင့် အခြားကုန်သွယ်ဘက် နိုင်ငံများသို့ ပို့ကုန်တိုးမြှင့်တင်ပို့ရေးမှာ စီးပွားရေးမဟာဗျူဟာတွင် ပါဝင်သောကြောင့် အရေးကြီးသော ကိစ္စရပ် တစ်ခုဖြစ်ကြောင်း၊ ယခုလုပ်ရပ်ကြောင့် လယ်သမားများနှင့်အသေးစား စီးပွားရေးလုပ်ငန်းများသာ နစ်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူဂန်ဒါနိုင်ငံ၏ လိင်တူချင်းလက်ထပ်မှုကိုတားမြစ်သည့် ဥပဒေ(၂၀၂၃) ပြဌာန်းခဲ့ပြီးနောက် သမ္မတဂျိုးဘိုင်ဒင်က ချက်ခြင်း ပယ်ဖျက်ပေးရန် တောင်းဆိုသကဲ့သို့ အမေရိကန်မှ အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများကို လျှော့ချမည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ ဩဂုတ်လတွင် ကမ္ဘာ့ဘဏ်မှ ယူဂန်ဒါအား ချေးငွေအသစ်များခွင့်ပြုရန် ရွှေ့ဆိုင်းခဲ့ပါသည်။

Source: Reuters

International Trade News

Pages