ရောင်းလိုအားအကျပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Brahmanbaria စျေးကွက်တွင် စပါးကုန်သွယ်မှု ၆၀ ရာခိုင်နှုန်း ကျဆင်းခဲ့

Tue, 10/25/2022 - 05:03 -- wtodep

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်း Ashuganj ရှိ အကြီးဆုံး စပါးဈေးကွက်ဖြစ်သည့် BOC Ghat တွင် ရောင်းလိုအားအကျပ်အတည်းနှင့် ဈေးနှုန်းမြင့်တက်မှုကြောင့် စပါးရောင်းဝယ်မှု ၆၀ ရာခိုင်နှုန်း ကျဆင်းသွားရာ ဆန်စက်များနှင့် ကုန်သည်များကို ဆုံးရှံးမှုဘက်သို့ တွန်းပို့နေသည့်သဖွယ် ဖြစ်နေပါသည်။

ကုန်သည်များ၏အဆိုအရ စပါးပေါ်ချိန်တွင် တာကာကုဋေပေါင်းများစွာတန်ကြေးရှိသော စပါးအလေးချိန် maunds တစ်သိန်းကျော်ကို နေ့စဉ်ကုန်သွယ်ပြီး၊  စပါးပေါ်ချိန်ပြင်ပ၌ maunds အလေးချိန် ၅၀,၀၀၀ မှ ၆၀,၀၀၀ ကြား အရောင်းအဝယ် ဖြစ်လေ့ရှိကြောင်း သိရပါသည်။

အောက်တိုဘာလဆန်းမှစတင်၍ ရောင်းလိုအားအကျပ်အတည်းနှင့် စပါးဈေးတက်ခြင်းတို့ကြောင့် နေ့စဉ်ပျမ်းမျှစပါးတင်း ၂၀,၀၀၀ သာရောင်းချနေရပါသည်။ ဤအကျပ်အတည်းမှာ Aman စပါးရိတ် သိမ်းခြင်းမစတင်မီ (နိုဝင်ဘာလ - ဒီဇင်ဘာလမတိုင်မီ) အထိ အနည်းဆုံးတစ်လခန့် ဆက်လက်တည်ရှိ နေနိုင်ကြောင်း စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

စပါးဈေးကွက်တွင် BR-28 စပါးတစ် maund ကိုတာကာငွေ  ၁,၃၅၀ မှ ၁,၃၈၀ ဖြင့်ရောင်းချနေပြီး၊ BR-29 စပါးမှာတာကာ ၁,၃၂၀ မှ ၁,၃၅၀ ကြား ဖြစ်ပေါ်နေကာ၊ တာကာ ၁၀၀ တိုးလာခြင်း ဖြစ်ပါသည်။ သို့သော်လည်း ရောင်းလိုအားအကျပ်အတည်းကာလ ကြာရှည်နေပါက ဆန်စက်အများအပြားမှာ ဆန်ဈေး တက်လာခြင်းနှင့်အတူ ပိတ်သွားနိုင်ကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။

 Brahmanbaria တွင် လယ်သမားများနှင့် ကုန်သည်များသည် Kishoreganj၊ Mymensingh၊ Netrokona၊ Sunamganj၊ Sylhet နှင့် Habiganj ရှိလယ်ကွင်းများမှ ထွက်ရှိသောစပါးများကို လှေဖြင့် စျေးကွက်သို့ သယ်ဆောင်လာလေ့ရှိကြပြီး၊ အလုပ်သမားများ၊ ကုန်သည်များ၊ လယ်သမားများနှင့် ဆန်စက်ပိုင်ရှင်များအပါအဝင် လူပေါင်းနှစ်ထောင်ခန့်မှာ ဤနေရာတွင် နေ့စဉ်စုရုံးနေလေ့ရှိပါသည်။

ဤဈေးကွက်မှာ ခရိုင်အတွင်းရှိ ဆန်စက်ပေါင်း ၂၅၀ ကျော်ကို အဓိကစပါးပံ့ပိုးပေးနေပြီး၊  ဤဈေးကွက်မှ စပါးဝယ်ယူပြီးနောက် ဆန်စက်များနှင့်ကုန်သည်များက Chattogram နှင့် Sylhet ခရိုင်များအားလုံးရှိ  ဌာနခွဲများနှင့် ဒါကာဌာနခွဲ၏ အချို့ခရိုင်များသို့ ဆန်များကို ဖြန့်ဖြူးကြပါသည်။

စပါးဈေးတက်မြင့်တက်လာခြင်းကြောင့် ဆန်ဈေးလည်း မြင့်တက်လာပြီး၊  တစ်ပတ်အတွင်း BR-28 ဆန်တစ်အိတ်လျှင်တာကာငွေ ၂,၆၀၀ ဖြင့်ရောင်းချခဲ့ပြီး၊ BR-29 ဆန်ကိုတာကာငွေ ၂,၅၅၀ ဖြင့် တာကာငွေ ၂၀ တိုးမြှင့်၍ ရောင်းချခဲ့ပါသည်။

Ashuganj စပါးဈေးမှ ကုန်သည်တစ်ဦးဖြစ်သူ MdShahjahan က ၎င်းမှာ ကောက်စိုက်လယ်သမား များထံမှ စပါးကို၀ယ်ယူပြီး စပါးဈေးကွက်တွင်ရောင်းချလေ့ရှိကြောင်း၊ လက်ရှိတွင် လယ်သမားများ၏ စပါးကျီများတွင် စပါးများပြတ်လပ်နေကြောင်း၊ ဝယ်လိုအား ထက်ရောင်းလိုအား လိုအပ်ချက်ရှိနေသောကြောင့် စပါးဈေးနှုန်းတက်လာခြင်းဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားထားပါသည်။

ဆန်စက်ပိုင်ရှင် Mobarak Hossain က ဆန်ဈေးနှုန်းထက် စပါးဈေးနှုန်းပိုမိုတက်နေသောကြောင့် ဆန်စက်ပိုင်ရှင်များမှာ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရကြောင်း၊ စပါးဈေးနှုန်းတက်သကဲ့သို့ ဆန်ဈေးတက်စေရန် ဈေးနှုန်းပြင်ဆင်မည်ဆိုပါက ဆန်တစ်အိတ်၏ ဈေးနှုန်းမှာ တာကာ ၁၀၀ ခန့် တက်လာနိုင်ကြောင်း သုံးသပ်ပြောကြားပါသည်။

Ashuganj အော်တိုဆန်စက်ပိုင်ရှင်များအသင်းမှ အဖွဲ့ဝင် Hasan Imran က "Ashuganj စပါးဈေးတွင် စပါးပြတ်လပ်မှုကြောင့် ဆန်စက်အများအပြားပိတ်လိုက်ရကာ ဆန်စက်ပိုင်ရှင်များတွင်  ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်ခဲ့ကြောင်း၊ အကယ်၍ ယခုအကျပ် အတည်းသာကြာမြင့်ခဲ့ပါကလာမည့် Aman စပါးရိတ်သိမ်းချိန်တွင် ရောင်းလိုအားအကြပ်အတည်းကို ဦးစားပေးဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ၎င်း၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ရင်းမြစ်၊ https://www.tbsnews.net/economy/bazaar/supply-crunch-cuts-paddy-trade-60-brahmanbaria-market-513806

ဒေါက်တာရွှေစင်ကို

ကုန်သွယ်ရေးဦးစီးဌာန

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

International Trade News

Pages