ရေနံထုတ်လုပ်မှုလျှော့ချခြင်းကြောင့် အနောက်နိုင်ငံများတွင် စွမ်းအင်ရှားပါးမှုဖြစ်စေသည် ဟူသောစွပ်စွဲချက်များကို OPEC ရေနံဝန်ကြီးများက ပယ်ချခဲ့

Mon, 10/17/2022 - 05:02 -- Dotbilateral

     OPEC+ ဟုသိကြသော အဖွဲ့တစ်ခုဖြစ်သည့် ရေနံထုတ်လုပ်တင်ပို့သည့် နိုင်ငံများအဖွဲ့ (The Organization of the Petroleum Exporting Countries - OPEC) နှင့် ၎င်း၏မဟာမိတ်များက ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျင်းပခဲ့ပြီး မကြာသေးမီက ရေနံစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ တစ်နေ့လျှင် ရေနံစည် (၂) သန်း (barrels per day) ထုတ်လုပ်မှုကို လျှော့ချမည်ဟု ကြေညာခဲ့သည်။ အဆိုပါပမာဏသည် ယခုနှစ် ကမ္ဘာ့ရေနံ ဝယ်လိုအား၏ ၂ ရာခိုင်နှုန်းဝန်းကျင်နှင့်ညီမျှကြောင်း သိရှိရသည်။

    ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) ၏ စွမ်းအင်ဝန်ကြီးများသည် ရေနံထုတ်လုပ်မှု လျှော့ချခြင်းကြောင့် "စွမ်းအင်မလုံလောက်မှုကို ဖြစ်စေသည်” ဟူသော အနောက်နိုင်ငံများ၏ စွပ်စွဲ ချက်များကို ပယ်ချခဲ့သည်။

    ကွန်ဂိုသမ္မတနိုင်ငံ၊ ဟိုက်ဒရိုကာဗွန်ဆိုင်ရာဝန်ကြီး Bruno Jean-Richard Itoua သည် OPEC မှ ရေနံထုတ်လုပ်မှုလျှော့ချခြင်းသည် OPEC အဖွဲ့ဝင်နိုင်ငံအချို့အပါအဝင် အာဖရိကတွင် စွမ်းအင်ရှားပါးမှုပြဿနာများကို ဖြေရှင်းနိုင်ရန်ဖြစ်ကြောင်း၊ အာဖရိကနိုင်ငံ များသည် စွမ်းအင်ရှားပါးမှုကိုဖြေရှင်းရန် ရေနံနှင့်သဘာဝဓာတ်ငွေ့မှ အခွန်ဘဏ္ဍာလိုအပ်မှုများကြောင့် OPEC+ အနေဖြင့် ရေနံဈေးကွက်ကို တည်ငြိမ်စေရန် ထုတ်လုပ်မှုကို လျှော့ချနေခြင်းဖြစ်ကြောင်းနှင့် အဆိုပါကိစ္စရပ်မှာ ကမ္ဘာ့စီးပွားရေးနှင့် စွမ်းအင်ဈေးကွက် အတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့အပြင် OPEC+ ၏ ရပ်တည်ချက်ကို အာဖရိကနိုင်ငံများက အပြည့်အဝထောက်ခံကြောင်းနှင့် "ရေနံထုတ်လုပ်တဲ့နိုင်ငံတွေသာမက အာဖရိကနိုင်ငံအားလုံးက OPEC နဲ့ OPEC+ အနေအထားကို အပြည့်အဝထောက်ခံပါကြောင်း" ဟု ၎င်းက ပြောကြားခဲ့သည်။

    OPEC အထွေထွေအတွင်းရေးမှူး Haitham Al Ghais က သတင်းစာရှင်းလင်းပွဲတွင် OPEC+ ၏ စွမ်းအင်ထုတ်လုပ်မှုဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ ခုခံကာကွယ်ပြောကြားခဲ့ပြီး စွမ်းအင်စျေးကွက်အတွက် တည်ငြိမ်မှုနှင့် လုံခြုံမှုပေးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

Source: Xinhua

International Trade News

Pages