ဘင်္ဂလားဒေ့ရှ်တွင် ဈေးကွက်ရရှိနေသော မြန်မာ့အုန်းသီး

Thu, 10/13/2022 - 03:20 -- mocadmin

   မောင်တောကုန်သွယ်ရေးစခန်း၏ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တင်ပို့သော ပို့ကုန်အမယ်များထဲတွင် အုန်းသီးသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ ရခိုင်ပြည်နယ် တောင်ပိုင်းမြို့များ၊ မြန်မာပြည်မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် အမြောက်အများ စိုက်ပျိုးဖြစ်ထွန်းသည်။ အနည်းဆုံးအပူချိန် (၂၇) ဒီဂရိစင်တီဂရိတ်၊ မိုးရေချိန် (၃၀) လက်မမှ (၇၀) လက်မတွင် စိုက်ပျိုးနိုင်ပြီး သက်တမ်းအလိုက် အမြင့်မျိုး၊ အပုမျိုးနှင့် လိမ္မော်ရောင်မျိုးဟူ၍ (၃) မျိုးခွဲခြားထားသည်။ အုန်းပင်အမြင့်မျိုးမှာ အုန်းထရံ၊ အပုမျိုးမှာ ဝက်မလွတ်၊ လိမ္မော်ရောင်မျိုးမှာ တော်ဝင်အုန်းဟု ခေါ်ဆိုကြသည်။ အမြင့်မျိုးမှာ (၇) နှစ်မှ (၁၀) နှစ်၊ အပုမျိုးမှာ (၃) နှစ် မှ (၅) နှစ်၊ လိမ္မော်ရောင်မျိုး က (၅) နှစ် မှ (၇) နှစ်အတွင်းတွင် စတင်သီးပြီး တစ်နှစ်လျှင် အပင်တစ်ပင်တွင် အလုံး (၁၀၀)ခန့်၊ (၁) ဧက ပျှမ်းမျှအပင် (၅၀)တွင် အလုံး (၅၀၀၀)ခန့် သီးကြောင်း သိရှိရသည်။

   အုန်းသီးတွင် အစာခြေနိုင်စွမ်းမြင့်မားစေခြင်း၊ ကိုလက်စထရောကိုကျဆင်းစေခြင်း၊ အရေပြား တွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ သွေးအတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်း၊ ဗိုင်းရပ်(စ်)ပိုးများ ကို ကာကွယ်တိုက်ဖျက်ပေးခြင်း၊ ဆဲလ်အသစ်များ တိုးပွားစေခြင်း၊ ဟိုမုန်းထိန်းချုပ်ပေးခြင်း၊ ကိုယ်အလေးချိန် လျှော့ချပေးနိုင်ခြင်း၊ အာဟာရဓါတ်နှင့် အောက်ဆီဂျင်ကိုဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း၊ ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း၊ ရောဂါများကို ခုခံကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း၊ ဘက်တီးရီးယားများကို သေစေနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများပေးနိုင်သည့်အပြင် အုန်းသီးစိမ်းတစ်လုံးတွင် အရည်ပမာဏ (၂၀၀) မီလီလီတာမှ (၁၀၀၀) မီလီလီတာအထိ ပါဝင်ပါတယ်။ အုန်းရည်သည် အရသာရှိပြီး၊ ကယ်လိုရီဓါတ်ပါဝင်မှု ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်းကြောင့် ကိုယ်ခန္ဓာအားစနစ်ကို တိုးမြင့်စေခြင်းစသည့် အကျိုးကျေးဇူး များစွာရှိသည့်အတွက် အုန်းသီးကို လူမျိုးဘာသာမရွေး၊ နေရာဒေသအသီးသီး၌ ကြိုက်နှစ်သက်ရာ မုန့်မျိုးစုံနှင့် ဟင်းအမယ်များတွင်ထည့်၍လည်း စားသုံးတတ်ကြရာ ဒေသတွင်းရောင်းချမှုများရှိ သကဲ့သို့ စီးပွားဖြစ်ဝယ်ယူစုဆောင်းပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်ရောင်းချနိုင်ခဲ့သဖြင့် ရန်ကုန် တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ရှိ မာန်အောင်၊ ကျောက်ဖြူ၊ သံတွဲတို့မှ ထွက်ရှိသော အုန်းသီးများ အား ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ရောင်းချနိုင်ခဲ့သည်။

   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဧပြီလမှ စက်တင်ဘာလအထိ) မောင်တောကုန်သွယ်ရေးစခန်းမှ အုန်းသီးတန်ချိန် (၃၁၉) တန်၊ တန်ဖိုး (၀.၁၂၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသကဲ့သို့ ဘာသာရေးပွဲတော်များအတွက် အသုံးပြုသည့်ကုန်ပစ္စည်းဖြစ် သဖြင့် တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဈေးကွက်တွင် ဝယ်လိုအားလိုအပ်လျက်ရှိကြောင်း သတင်းရရှိ သည်။

International Trade News

Pages