ဗီယက်နမ်၊ နယူးဇီလန် နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆက်သွယ်ရေး မြှင့်တင်ရန် အခွင့်အလမ်းများ

Tue, 05/30/2023 - 04:32 -- wtodep

၂၀၂၃ ခုနှစ်၊ မေလတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် ဗီယက်နမ်- နယူးဇီလန် ကုန်သွယ်မှုနှင့် စီးပွားရေး ပူးတွဲကော်မရှင် အစည်းအဝေး (JTEC) ၌ ဗီယက်နမ်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Phan Thi Thang က ဗီယက်နမ်နှင့် နယူးဇီလန်နိုင်ငံတို့သည် ကုန်သွယ်မှု၊ စက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေမည့် အလားအလာကောင်းများ ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နယူးဇီလန်နိုင်ငံ၏ ကုန်သွယ်မှုနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယအတွင်းရေးမှူးဖြစ်သူ Vangelis Vitalis နှင့် Thang တို့ ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သော အစည်းအဝေးတွင် နှစ်နိုင်ငံကြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် လေ့ကျင့်ရေး၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းနှင့် အလုပ်သမားရေးရာကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ် ခဲ့ပါသည်။

နှစ်ဖက်ခေါင်းဆောင်များက လက်မှတ်ရေးထိုးထားသည့် စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် များကို အကောင်အထည်ဖော်ရာတွင် နှစ်ဖက်ဝန်ကြီးဌာနများနှင့် ကဏ္ဍများအကြား အနီးကပ် ပူးပေါင်းကြိုးပမ်းဆောင်ရွက် ခဲ့မှုကို နှစ်ဖက်စလုံးက ချီးကျူးခဲ့ကြပါသည်။

၂၀၀၉ ခုနှစ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု ထူထောင်ပြီးကတည်းက ဗီယက်နမ်နှင့် နယူးဇီလန်နိုင်ငံတို့အကြား ကုန်သွယ်မှုသည် နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်း ၁၄.၂ ရာခိုင်နှုန်းဖြင့် အားကောင်းလာခဲ့ပါသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် နယူးဇီလန်နိုင်ငံ၏ ၁၃ နိုင်ငံမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံထိ ရောက်ရှိခဲ့ပြီး၊ တစ်နှစ်ထက်တစ်နှစ် ၁၄ ရာခိုင်နှုန်း တိုးလာပါသည်။

နယူးဇီလန်နိုင်ငံသည် လက်ရှိအချိန်ထိ ဗီယက်နမ်တွင် ရင်းနှီးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၉.၇ သန်းကျော်တန်ဖိုးရှိ တိုက်ရိုက် ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများ ၃၉ ခုရှိပြီး၊ ၎င်းသည် ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ ၁၄၃ နိုင်ငံအနက် အဆင့် ၃၉ ရှိပါသည်။

တစ်ချိန်တည်းတွင် ဗီယက်နမ်သည် နယူးဇီလန်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၃၈.၄ သန်း တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ၁၁ ခု ရှိပြီး၊ အဓိကအားဖြင့် ပြုပြင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း၊ လက်လီလက်ကားနှင့် အိမ်ခန်းဝန်ဆောင်မှုများဖြစ်သည်။

နိုင်ငံစုံကုန်သွယ်မှု စေ့စပ်ဆွေးနွေးမှုများ၊ လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ သန့်ရှင်းသောနည်းပညာ၊ စိုက်ပျိုးရေးထောက်ပံ့မှု ကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ လေကြောင်းနှင့် ခရီးသွားလုပ်ငန်းများအပါအဝင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေးတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးကို နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါသည်။

ဗီယက်နမ်နှင့် နယူးဇီလန်နိုင်ငံတို့သည် ၎င်းတို့၏ ကမ္ဘာ့ကုန်သွယ်မှုပမာဏကို ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံထိ တိုးမြှင့်ရန် သတ်မှတ်ခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ဗီယက်နမ်မှ သံပရာသီး၊ ကျွဲကောသီးနှင့် နယူးဇီလန်နိုင်ငံမှ ဖရုံမျိုးနွယ်ဝင် အသီးများနှင့် စတော်ဘယ်ရီသီများတို့ကို ဈေးကွက်ဖွင့်ရေး အပြီးသတ်နိုင်ခဲ့ကြပါသည်။

နယူးဇီလန်နိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကဏ္ဍများနှင့် အဖွဲ့အစည်းများအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် ပို့ကုန်သွင်းကုန်အခွင့်အလမ်းသစ်ကို အသုံးချနိုင်မည့် လုပ်ထုံးလုပ်နည်း အသေးစိတ်ညွှန်ကြားချက်များ ပေးရန် ဗီယက်နမ်ဘက်မှ အကြုံပြုထားပါသည်။

ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မူဘောင်များ ဆွေးနွေးရာတွင် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုယန္တရားများနှင့် မူဘောင်များဖြစ်သည့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေးနှင့် ဘက်စုံတိုးတက်ရေး သဘောတူညီချက် (CPTPP)၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP)၊ အာဆီယံ၊ ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (AANZFTA) နှင့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ် စသည့်ပူးပေါင်းဆောင်ရွက်မှုများတွင် ဆက်လက်ညှိနှိုင်း ပံ့ပိုးသွားရန် သဘောတူခဲ့ကြသည်။

Source:  https://en.vietnamplus.vn/large-room-for-vietnam-new-zealand-to-boost-trade-investment-ties-official/253517. vnp

International Trade News

Pages