နယ်သာလန်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံရှိ မွေးမြူရေး ခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါများဖြစ်ပွားလျက်ရှိ

Tue, 12/23/2014 - 10:06 -- admin_ygn

   နိုဝင်ဘာလအတွင်း နယ်သာလန် နိုင်ငံ၊ Utrecht ပြည်နယ်၊ Hekendorp ကျေးရွာရှိ ကြက်မွေးမြူရေးခြံတစ်ခြံတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားလျက်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြုပြီးနောက် နယ်သာလန်နိုင်ငံအတွင်း ကြက်၊ ဘဲနှင့် ကြက်ဥ၊ ဘဲဥများ သယ်ယူပို့ဆောင်ခြင်းကိုတားမြစ်ခဲ့ပါသည်။ ထို့အပြင် နယ်သာလန်နိုင်ငံ၊ အမ်စတာ ဒမ်မြို့ တောင်ဘက်မိုင် ၄၀ ခန့်အတွင်းရှိ မွေးမြူရေးခြံများမှ ကြက်ကောင်ရေ ၁၅၀၀၀၀ ခန့်ကိုလည်းသုတ်သင်ခဲ့ကြပါသည်။
   နိုဝင်ဘာလအစောပိုင်းကာလတွင် ဂျာမနီနိုင်ငံ၊ အရှေ့မြောက်ပိုင်းရှိ မွေးမြူရေးခြံတစ်ခြံတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေကြောင်းတွေ့ရှိခဲ့ပါသည်။ ထို့အပြင် နိုဝင်ဘာလ တတိယပတ်တွင် ဗြိတိန်နိုင်ငံ၊ ယော့ရှိုင်းယားပြည်နယ် အရှေ့ဘက်၊ Driffield ဈေးမြို့အနီး  Nafferton ကျေးရွာရှိ ဘဲမွေးမြူရေးခြံတစ်ခြံတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား လျက်ရှိကြောင်းတွေ့ရှိခဲ့ပြီး အဆိုပါခြံထဲရှိ ဘဲကောင်ရေ ၆၀၀၀ ခန့်အားသုတ်သင်ခဲ့ပါသည်။
   အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော နယ်သာလန်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားလျက်ရှိခြင်းကြောင့် ကြက်/ဘဲမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ကာကွယ်မှု များဆောင်ရွက်ထားရန် ဘယ်လ်ဂျီယံနိုင်ငံတွင်အမိန့်ထုတ်ပြန်ထားပါသည်။
   နယ်သာလန်နိုင်ငံရှိ အခြားသော ကြက်/ဘဲမွေးမြူရေးခြံအချို့တွင်လည်း ကြက်ငှက်တုပ်ကွေးဖြစ်ပွားလျက်ရှိကြောင်း နယ်သာလန်စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ခဲ့ပြီးသည့် နောက်ပိုင်းတွင် ယူကရိန်းနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံစသည့်နိုင်ငံများက ကြက်ငှက်တုပ်ကွေးဖြစ်ပွားလျက်ရှိသည့် ဗြိတိန်နိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့မှ ကြက်/ဘဲ/ငှက် များ၊ ဥများ၊ ကြက်/ဘဲ/ငှက်များနှင့် ဆက်စပ်ထုတ်ကုန်များတင်သွင်းခြင်းကိုတားမြစ်ခဲ့ပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

International Trade News

Pages