တရားမဝင်ကုန်သွယ်မှုကို တားမြစ်ရန် လွတ်လပ်သောကုန်သွယ်မှုဇုန်ဥပဒေကို ပြင်ဆင်တော့မည့် စင်ကာပူ

Tue, 11/21/2023 - 04:30 -- wtodep

လွတ်လပ်သောကုန်သွယ်မှုဇုန်ဥပဒေ (၁၉၆၆) ကို ပြင်ဆင်ရန်နှင့် လိုအပ်ပါက အကောက်ခွန်ဥပဒေ (၁၉၆၀)ကိုပါ တဆက်တည်း ပြင်ဆင်ရန် ဥပဒေမူကြမ်းတစ်ခုကို စင်ကာပူပါလီမန်က တင်ပြထား ပါသည်။ အဆိုပါ ဥပဒေမူကြမ်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့တွင် ပထမအကြိမ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ် ဆွေးနွေးခဲ့ကြပြီး လွတ်လပ်သော ကုန်သွယ်မှုဇုန်အတွင်း တရားမဝင်ကုန်သွယ်မှုပြုလုပ်လာနိုင်သည့် အခြေအနေများကို တားဆီးနိုင်ရန် လိုင်စင်စနစ်၊ လုပ်ထုံး လုပ်နည်းများနှင့် ဥပဒေစိုးမိုးရေးတို့ကို အားပေးမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ ကြပါသည်။

ဥပဒေပြင်ဆင်ချက်များကို ၂၀၂၄ခုနှစ်၊ အစပိုင်းမှ စတင်ကျင့်သုံးမည်ဖြစ်ပြီး လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများအနေဖြင့် ဥပဒေအသစ်၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ၆ လ အချိန်ရရှိမည်ဖြစ်ပါသည်။

ကမ္ဘာ့ဒုတိယအလုပ်အများဆုံး ကွန်တိန်နာဆိပ်ကမ်းနှင့် အကြီးဆုံးသယ်ယူပို့ဆောင်ရေးဗဟိုဖြစ်သော စင်ကာပူသည် မလက်ကာ ရေလက်ကြားအစွန်၌ ဗျူဟာမြောက်တည်ရှိခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသော ပတ်ဝန်းကျင်နှင့်အခွန် နည်းပါးမှုတို့ကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်နေသူများ အထူးစိတ်ဝင်စားသော နေရာဖြစ်ပါသည်။ လက်ရှိတွင်လွတ်လပ်သောကုန်သွယ်မှုဇုန် ၁၀ ခုက စင်ကာပူ၏ အဓိကဆိပ်ကမ်း နေရာများတွင် နိုင်ငံတကာ ကုန်သွယ်မှုများကို ဆောင်ရွက်လျှက်ရှိပါသည်။

လွတ်လပ်သော ကုန်သွယ်မှုဇုန်ဥပဒေတွင် ပြင်ဆင်မည့်အချက်များ

လွတ်လပ်သောကုန်သွယ်မှုဇုန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဒုတိယအကြိမ် ဆွေးနွေး ရာတွင် ဘဏ္ဍာရေးဝန်ကြီး Chee Hong Tat က ကမ္ဘာပေါ်ရှိ လွတ်လပ်သော ကုန်သွယ်မှုဇုန်များ၌ တရားမဝင် လုပ်ငန်းများဖြစ်သည့် လက်နက်ရောင်းဝယ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများ၊ ကုန်သွယ်မှုကိုအခြေခံသော ငွေကြေးခဝါချမှုများကို ဆောင်ရွက်လာကြကြောင်း၊ ကုန်စာရင်း အတုပြုလုပ်ခြင်း၊ ပြန်လည်တင်ပို့ခြင်း(re-export) မပြုလုပ်မီ တရားဝင် ကုန်စည်များနှင့် မှောင်ခိုပစ္စည်းများ ဖလှယ်ခြင်းတို့ကို ဇုန်ထဲတွင် တရားဝင်ကဲ့သို့ ပြုမူနေကြကြောင်း၊ စင်ကာပူအကောက်ခွန်ဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းများအား ရှောင်တခင် စစ်ဆေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ စီးပွားရေးမိတ်ဖက်များကို အရေးယူနိုင်သော စုံစမ်းထောက်လှမ်းခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း၊ လွတ်လပ်သောကုန်သွယ်မှုဇုန်တွင် စီးပွားရေးလုပ်ကိုင်သူများအနေဖြင့် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေသည့် အခွင့်အရေးများ ဖြစ်သည့် အကောက်ခွန်နှင့်ပြည်တွင်းအခွန်များ လျော့ပေါ့ခြင်း၊ ရိုးရှင်းသော အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ ထိရောက်သော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ၊ ကမ္ဘာ့ဈေးကွက်ဝင်ရောက်ခွင့်များ၊ နှစ်ခါထပ်အခွန်ကောက်ခြင်းမှ ကင်းလွတ်ခွင့်များစသည့် အခွင့်အရေးများကို ခံစားနေရပါကြောင်း၊ လွတ်လပ်သောကုန်သွယ်မှုဇုန်ဥပဒေ၏ လိုင်စင်စနစ်၊ ကုန်တင်/ချ ဆောင်ရွက်သူများ (Cargo Handlers) နှင့် ကိုယ်စားလှယ်များ(Agents) အတွက် လုပ်ထုံးလုပ်နည်းများ၊ အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိများအတွက် ပြဌာန်းထားသည့် အခွင့်အာဏာများ ပိုမိုခိုင်မာစေရန်  ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူ၏ လွတ်လပ်သော ကုန်သွယ်မှုဇုန်များကို အတိတ်ကာလများက အစိုးရမှ ဦးဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အများစုကို ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်နေပါသည်။ ဥပဒေအသစ်တွင် လွတ်လပ်သောကုန်သွယ်မှုဇုန်ကို စီမံခန့်ခွဲသူ (Zone Operator) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အတူ သက်ဆိုင်ရာဥပဒေအလိုက် လိုအပ်ချက်များနှင့် ကိုက်ညီစွာပြုမူရန် ရည်ရွယ်ထားပါသည်။ စီမံခန့်ခွဲသူများအနေဖြင့် ဇုန်လုံခြုံရေးအတွက် စီစီတီဗီများ၊ ခြံစည်းရိုးများပြုလုပ်ပေးခြင်း၊ အကောက်ခွန် အရာရှိများလုပ်ငန်း ဆောင်ရွက်နိုင်ရန် ကူညီပေးခြင်း၊ အကောက်ခွန်အရာရှိများနှင့်ဆက်သွယ်ဆောင်ရွက်မည့် ဇုန်ကိုယ်စားလှယ် အမည်ပေးထားခြင်း၊ ဇုန်အတွင်း တရားမဝင်ကုန်သွယ်မှုတားဆီးရန် စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်း၊ အန္တရာယ်ရှိသော ကုန်စည်နှင့်လူများ ဇုန်အတွင်းဝင်ရောက်လာသည်ဟု သံသယရှိပါက အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်ထံ အကြောင်းကြားခြင်းစသည့်တို့ လိုက်နာရမည် ဖြစ်ပါသည်။ အဆိုပါအချက်အများစုကို ယခင်ကတည်းက စင်ကာပူအကောက်ခွန် ဌာနမှမြေပြင်တွင် ကျင့်သုံးခဲ့သော်လည်း ဥပဒေအဖြစ် ရေးဆွဲထားခြင်းမရှိ၍ ထည့်သွင်းရေးဆွဲ သွားမည်ဖြစ်ပါသည်။

ကုန်တင်/ချ ဆောင်ရွက်သူများ (Cargo Handlers)နှင့် သင်္ဘော/လေယာဉ်တင် ကိုယ်စားလှယ်များ (shipping/ air cargo Agents) သည် လိုင်စင်ဖြင့် ခွင့်ပြုခြင်းတွင်မပါဝင်သော်လည်း ၎င်းတို့၏ တာဝန်နှင့်ဝတ္တရားများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပိုမိုခိုင်မာစေရန်ဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ပါသည်။ကုန်တင်/ချဆောင်ရွက်သူများ(Cargo Handlers)နှင့် သင်္ဘော /လေယာဉ်တင် ကိုယ်စားလှယ်များ (shipping / air cargo Agents) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဖော်ပြထားပါသည်။ ၎င်းတို့ အနေဖြင့် အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်များအားလိုက်နာပြီး ဇုန်အတွင်း ကုန်စည်များရွှေ့ပြောင်းခြင်း၊ စီမံခန့်ခွဲခြင်းများ၊ လုံခြုံရေးစနစ်နှင့် လုပ်ထုံးလုပ်နည်းများကိုလိုက်နာခြင်း၊ ဘေးအန္တရာယ်ဖြစ်နိုင်သော (သို့မဟုတ်) ဥပဒေချိုးဖောက်နိုင်သော ကုန်စည်များနှင့်စပ်လျဉ်း၍ တင်ပြခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ထို့ပြင် သင်္ဘော/လေယာဉ် တင်ကိုယ်စားလှယ်များသည် Bill of Lading (သို့မဟုတ်) Airway Bill တွင်ပါရှိသည့် အသေးစိတ် အချက်အလက်များကို ကုန်တင်/ချဆောင်ရွက်သူများထံသို့ကုန်စည်များ စင်ကာပူသို့မရောက်မီ သို့မဟုတ် စင်ကာပူမှ တဆင့်ဖြတ်ကျော်ခြင်းမပြုမီ  ပေးအပ်ထားရမည်ဖြစ်ပါသည်။ ယခင်က တင်ပို့၊တင်သွင်းလိုသည့်ကုန်စည်နှင့် တဆင့်ဖြတ်ကျော်ပို့ဆောင်လိုသည့် ထိန်းချုပ်ကုန်စည်များ၏ အချက်အလက်များကို တင်ပြရန်လိုအပ်သော်လည်း ယခုအခါ တဆင့် ဖြတ်ကျော်ပို့ဆောင်မည့် ကုန်စည်တိုင်း၏ အချက်အလက်များကို လျှောက်လွှာတွင် တင်ပြရမည် ဖြစ်ပါသည်။

သတ်မှတ်စည်းမျဉ်းအသစ်များနှင့် ကိုက်ညီခြင်းမရှိပါက ဒဏ်ကြေး စင်ကာပူဒေါ်လာ ၅,၀၀၀ မှ ၁၀,၀၀၀ ထိဖြစ်စေ၊ ထောင်ဒဏ် ၁ နှစ်အထိ ဖြစ်စေ ကျခံရမည်ဖြစ်ပါသည်။ ယခုပြောင်းလဲမှုများ သည် စင်ကာပူကို ဖြတ်ကျော်တင်ပို့မည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ပိုမိုမြင်သာစေရန် စင်ကာပူ အကောက်ခွန်ဌာနက ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိများအတွက် ပြဌာန်းထားသည့် အခွင့်အာဏာများ ပိုမိုခိုင်မာစေရန် ပြင်ဆင်မှုများတွင် ညွှန်ကြားရေးမှူးချုပ်သည် ဇုန်အတွင်း လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင်ကို ပိတ်သိမ်းနိုင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်သူကို ပြစ်တင်သတိပေးခြင်း၊ လိုင်စင်နှင့်ပတ်သက် ၍ အချက်အလက်အသစ်များ ပြဌာန်းခြင်း၊ ဥပဒေချိုးဖောက်ခြင်းမရှိစေရန် အမိန့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

အကောက်ခွန်အရာရှိများအနေဖြင့် ဇုန်အတွင်း ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်း၊ ဇုန်အတွင်း စုံစမ်းစစ်ဆေးမှုဆောင်ရွက်ခြင်း၊ ဓာတ်ပုံ ၊ ဗီဒီယို (သို့မဟုတ်) အသံဖိုင်များ ရိုက်ကူးမှတ်တမ်းတင်ခြင်း၊ စစ်ဆေးရန်အတွက် ကုန်စည်များကို ထိန်းသိမ်းခြင်း၊ ကုန်စည်များကို စစ်ဆေးရန် နေရာသို့ရွှေ့ပြောင်းခြင်း၊ ပြစ်မှုကျူးလွန်ခဲ့သော / ကျူးလွန်ရန် ကြိုးပမ်းသော/ပြစ်မှုကျူးလွန်ရန် ကြိုးပမ်းသူကိုကူညီသောသူများအား ဝရမ်းမပါရှိပဲဖမ်းဆီးနိုင်ခြင်း၊ အချက်အလက်နှင့်စာရွက် စာတမ်းများတောင်းဆိုနိုင်ခြင်းစသည့် လုပ်ပိုင်ခွင့်များ ရရှိပါသည်။

ယခုကဲ့သို့ ပြင်ဆင်ချက်များကြောင့် လွတ်လပ်သော ကုန်သွယ်မှုဇုန်အတွင်း ဆောင်ရွက်နေသော စင်ကာပူကုမ္ပဏီများအတွက် ကြီးမားသောပြောင်းလဲမှုမရှိပဲ တရားမဝင်ကုန်သွယ်မှုကို တားဆီးရန်နှင့် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ဇုန်စီမံခန့်ခွဲသူများ (Zone Operator)၊ ကုန်တင်/ချဆောင်ရွက်သူများ (Cargo Handlers)နှင့် ကိုယ်စားလှယ်များ(Agents) အနေဖြင့် ကမ္ဘာ့အကောက်ခွန်အဖွဲ့ အပါအဝင် နိုင်ငံတကာ ကုန်သွယ်မှုအလေ့အထများနှင့်ကိုက်ညီသည့် ပိုမိုမြင့်မားသော စံချိန်စံညွှန်းများကို လိုက်နာရန် လိုအပ်မည်ဖြစ်ပါသည်။ သို့သော် အကောက်ခွန်အရာထမ်းများ၏ လိုင်စင်ချပေးမှု၊ ရှောင်တခင် စစ်ဆေးမှုအပါအဝင်လုပ်ပိုင်ခွင့် အာဏာများပြားလာခြင်းက လုပ်ငန်းများပိုမိုလျှင်မြန်စေသကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာ ရှုတ်ထွေးမှုများလည်း ရှိလာနိုင်ကြောင်း သုံးသပ်ကြပါသည်။

ဥပဒေပြောင်းလဲမှုများကြောင့် ကမ္ဘာ့ထိပ်တန်းသယ်ယူပို့ဆောင်ရေးဗဟိုအဖြစ် နာမည်ကျော်ကြားသည့် စင်ကာပူအပေါ် ယုံကြည်မှု ပိုမိုရရှိလာမည်ဖြစ်ပါသည်။ ဘဏ္ဍာရေးဝန်ကြီး Chee Hong Tat က စင်ကာပူနှင့် တရားဝင်ကုန်သွယ်မှု ပြုလုပ်သူများအနေဖြင့် ခိုင်မာပြီးကျွမ်းကျင်သော စီးပွားရေးစနစ်၏ အကျိုးအမြတ်ကို ခံစားရမည်ဖြစ်သကဲ့သို့ စင်ကာပူကလည်း ကမ္ဘာ့ထိပ်တန်း ကုန်သွယ်မှုဗဟိုနှင့် ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်မှုနိုင်ငံအဖြစ် ဆက်လက်ယှဉ်ပြိုင်ရပ် တည်သွားနိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

Source: https://www.aseanbriefing.com/

International Trade News

Pages