ဆော်ဒီအာရေဗျမှ ဈေးနှုန်းမြှင့်လိုက်၍ လောင်စာဆီဈေး ပြန်လည်မြင့်တက်

Fri, 05/10/2024 - 03:49 -- wtodep

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အလားအလာ မသေချာခြင်းနှင့် အစ္စရေး - ဟားမတ်စ် ပဋိပက္ခသည် အဓိကရေနံ ထုတ်လုပ်သည့်ဒေသတွင် ဆက်လက်ကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများကြောင့် ဆော်ဒီအာရေဗျသည် ဒေသအများစုအတွက် ဇွန်လတွင်း ရေနံစိမ်း စျေးနှုန်းများ တိုးမြင့်လိုက်ပြီးနောက် တနင်္လာနေ့တွင် ရေနံရှယ်ယာဈေး မြင့်တက်လာခဲ့သည်။

Brent ရေနံစိမ်းရှယ်ယာဈေးသည် ၂၈ ဆင့် သို့မဟုတ် ၀.၃% တက်လာပြီး တစ်စည်လျှင် $ ၈၃.၂၄ သို့ တက်ခဲ့ကာ အမေရိကန် တက္ကဆက်အနောက်ပိုင်း ရေနံစိမ်းရှယ်ယာဈေးမှာ တစ်စည်လျှင် ၂၉ ဆင့် သို့မဟုတ် ၀.၄% အထိ တက်သွားပြီး $ ၇၈.၄၀ ပေါက်ခဲ့ပါသည်။

ဆော်ဒီအာရေဗျမှ လာမည့်နွေရာသီအတွင်း ဝယ်လိုအားမြင့်တက်မည်ဟု ခန့်မှန်းချက်များဖြင့် အာရှ၊ ဥရောပ အနောက်မြောက်ပိုင်းနှင့် မြေထဲပင်လယ်ဒေသတို့သို့ ဇွန်လတွင် ရောင်းချမည့် လောင်စာဆီ တရားဝင်ဈေးနှုန်းကို မြှင့်တင်ခဲ့ပါသည်။

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် ING အုပ်စု၏ ကုန်စည်သုတေသနဌာန အကြီး အကဲ Warren Patterson က ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ လျော့နည်းလာမှုကြောင့်ပြီးခဲ့သည့် အပတ်က ၇.၃ % ထက် ပို၍ကျဆင်းခဲ့သည့် Brent ရေနံစိမ်းဈေးသည် ပိုမိုအားကောင်းစွာဖြင့် ဈေးဖွင့်ခဲ့ကြောင်း၊ ဆော်ဒီအာရေဗျက ယခုသုံးလပတ်တွင် ရောင်းလိုအားကို တင်းကျပ်လိုက်ပြီး ဒေသအများစုအတွက် ဇွန်လတွင်း တရားဝင်ရောင်းဈေးကို မြှင့်ပြီးနောက် ဈေးနှုန်းပြန်တက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများက အားနည်းသော အမေရိကန်အလုပ်အကိုင်ရရှိမှု အချက်အလက်များနှင့် ဗဟိုဘဏ်အတိုးနှုန်းဖြတ်ချပေးမည့် အချိန်ကိုချိန်ညှိထားသောကြောင့် ပြီးခဲ့သည့်အပတ်က Brent ရေနံရှယ်ယာဈေးသည် ၃ လအတွင်း ၇% ကျော်ကျဆင်းသွားပြီး အမေရိကန် တက္ကဆက်အနောက်ပိုင်း ရေနံရှယ်ယာဈေးမှာ ၆.၈% ကျဆင်းသွားသဖြင့် အဆိုးရွားဆုံး အရှုံးပေါ်ခဲ့သည့် သီတင်းပတ်ဖြစ်ခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေသောကြောင့် ရေနံဈေးအပေါ် ပထဝီဝင်နိုင်ငံရေး စွန့်စားရမှုကြေးလည်း လျော့နည်းလာပါသည်။ သို့သော် ဟားမတ်စ်ကဓားစာခံများ လွတ်မြောက်ရေးအတွက် စစ်ပွဲအဆုံးသတ်ရန် တောင်းဆိုခဲ့သော်လည်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သဖြင့် သဘောတူညီမှုရရှိရန် အလားအလာနည်းပါးခဲ့ပါသည်။

ရောင်းလိုအားကို တင်းကျပ်စေနိုင်သည့် လက္ခဏာတစ်ရပ်အဖြစ် အမေရိကန် စွမ်းအင်ကုမ္ပဏီများက  ပြီးခဲ့သည့် သီတင်းပတ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးစင်များကို ၄၉၉ ခုထိ လျှော့ချခဲ့ပြီး၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အကြီးမားဆုံး လျော့ချမှုအဖြစ် Baker Hughes ( BKR.O) စွမ်းအင် ကုမ္ပဏီ၏ သောကြာနေ့က အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။

Source: www.reuters.com

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

 

International Trade News

Pages