နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား ထောက်ပံ့ပေးရန် ကမ္ဘောဇဘဏ်နှင့် ထိုင်း EXIM ဘဏ်တို့ နားလည်မှုစာချွန်လွှာရေးထိုး

Wed, 08/09/2017 - 07:38 -- admin_ygn

         ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားရှိ စီးပွားရေး၊ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသောကဏ္ဍများစွာအား  ပူးပေါင်းမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံရှိ Export-Import ဘဏ်(EXIM Thailand) နှင့် ဇူလိုင် ၃၀ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ကမ္ဘောဇဘဏ်၏သတင်းထုတ်ပြန်ချက်အရသိရသည်။ အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုStrand Square ရှိ ကမ္ဘောဇဘဏ်၏ International Banking Division ၌ ကျင်းပခဲ့ရာ ကမ္ဘောဇဘဏ် International Banking Division ၏ Managing Director ဖြစ်သူ ဦးဝင်းလွင်နှင့် EXIM Thailand ဘဏ်မှ Mr. Pisit Serewi -wattana (President of Export-Import Bank of Thailand) တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Jukr Boonlong နှင့် ထိုင်းနိုင်ငံသံရုံးမှ စီး ပွားရေးဆိုင်ရာသံ အရာရှိ Ms. Walikar Apayasiri တို့လည်း အသိသက်သေများအဖြစ် တက်ရောက်ခဲ့ကြသည်။
        အဆိုပါနားလည်မှုစာချွန်လွှာတွင် ဘဏ်နှစ်ခုသည် နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရရှိစေမည့်လုပ်ငန်းစဉ်များ၊ စီးပွားရေးဆိုင်ရာလုပ်ဆောင်မှုများ၊ မြန်မာ-ထိုင်းကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတို့အားအကောင်အထည်ဖော်ရန် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးအား တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဇဘဏ်၏ International Banking Division မှ Managing Director ဖြစ်သူ ဦးဝင်းလွင်က "အခုလို ဒေသတွင်းမှာရှိတဲ့ ထိပ်တန်းငွေကြေးအဖွဲ့အစည်းနှစ်ခုက ရေးထိုးလိုက်တဲ့ နားလည်မှုစာချွန်လွှာဟာ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးကဏ္ဍမျိုးစုံမှာ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရစေဖို့ နည်းဗျူဟာမြော က်ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ မှတ်ကျောက်တစ်ခုပဲဖြစ်ပါတယ်။ ထိုင်း နိုင်ငံအပါအဝင် အခြားနိုင်ငံများမှာလည်း ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး အကျယ်ပြန့်ဆုံးကွန်ရက်ရှိတဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံး ပုဂ္ဂလိကဘဏ်အနေနဲ့ ကျွန်တော် တို့ဟာ နှစ်နိုင်ငံအကြားက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်မြှင့်တင်ပေးဖို့ ကျွန်တော်တို့ရဲ့အောင်မြင်မှုမှတ်တမ်းတွေ မြန်မာ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ ဗဟုသုတများစွာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလို ကျွန်တော်တို့ရဲ့ ကျွမ်း ကျင်မှုတွေနဲ့ နှစ်ဦးနှစ်ဖက် တိုးတက်အောင်မြင်မှု  တွေရရှိစေပြီး ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန် လာစေမယ့် ဒီလိုအခွင့်အရေး ကောင်းတစ်ခုကို ရရှိတော့မှာဖြစ်လို့  အရမ်း ကို စိတ်လှုပ်ရှားနေပါ တယ်"ဟု ပြောကြားခဲ့သည်။
        ယင်းပူးပေါင်းလုပ်ဆောင်မှု သဘောတူညီချက်ဖြင့် ဘဏ်နှစ်ခုစလုံးသည် ပရာဂျက်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက် များဖလှယ်ခြင်း၊ တစ်ဖက်ဘဏ်အတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း၊ လ က်တွေ့စီးပွားရေး အတွေ့အကြုံများမျှဝေခြင်း၊ သင်တန်းပေးခြင်းနှင့် နှစ်ဦးနှစ်ဖက် credit အပြန်အလှန် ရယူနိုင်မှုပမာဏ သတ်မှတ်ထားရှိခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ရှိသော ဘဏ်များအနက်မှ ကမ္ဘော ဇဘဏ်သည် ၂၀၁၆ ခုနှစ်ကတည်းကပင် ထိုင်းနိုင်ငံ၊စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ကိုယ်စားလှယ်ရုံးများ ပထမဆုံးစတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုကဲ့သို့နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းမှာလည်း ကမ္ဘော ဇဘဏ်၏ နိုင်ငံတကာ၌ အခြေချနိုင်မှုနှင့် ကမ္ဘာတစ်ဝန်း ပူးပေါင်းလုပ်ဆောင်မှု သဘောတူညီ ချက်များ ထပ်မံတိုးမြှင့်လုပ်ဆောင်နိုင်စေမည့် အောင်မြင်မှုသစ် တစ်ရပ်လည်းဖြစ်ကြောင်း သိရသည်။

 

မယ်သီတာ

International Trade News

Pages