အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပသည့် ဘင်းမ်စတက် စီးပွားရေး ထိပ်သီးအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်

Fri, 08/09/2024 - 09:54 -- mocadmin

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့်  ဘင်းမ်စတက်စီးပွားရေး ထိပ်သီးဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဘင်းမ်စတက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲကို ပိုမိုကောင်းမွန်သော ကုန်သွယ်မှုနှင့် စီးပွားရေးအလားအလာများအတွက် မဟာဗျူဟာမြောက် ပေါင်းစည်းနိုင်ရေး ဆွေးနွေးရန်နှင့် စီးပွား ရေးအတွက် လွတ်လပ်ပြီး လွယ်ကူချောမွေ့သော ပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ ညနေ ၆ နာရီတွင် နယူး ဒေလီမြို့ရှိ Hotel Taj Palace ၌ ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဖြစ်သူ ပါဘီတျာမာဂါရစ်တာ (Pabitra Margherita)က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

          ဘင်းမ်းစတက် စီးပွားရေးဝန်ကြီးများအဆင့် မျက်နှာစုံညီအစည်းအဝေးကို ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဘင်းမ်းစတက်အဖွဲ့ဝန်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဖြစ်သည့် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှု ဝန်ကြီးဌာနဝန်ကြီး မစ္စတာပိုင်ရတ်ရှ်ဂိုရယ်လ်၊ နီပေါ်နိုင်ငံ၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဒါမိုဒါဘန်ဒါရီ၊ ထိုင်းနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာဆူချာ့တ် ချုံကလင်း၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် မစ္စတာ အင်ဒရာမာနီပန်နေး၊  ဘူတန်နိုင်ငံ၊ စက်မှု၊ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာန၊ စက်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မစ္စတာချိုင်းမ်ရှရင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စစ်ရှန်နူကာ ဆန်နာဝါရ်တနာ (Mrs. Kshenuka Senewiratne) နှင့် အိန္ဒိယစက်မှု လုပ်ငန်းအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ မစ္စတာ ဆန်ဂျီးဗ်ပူရီနှင့် ညွှန်ကြား ရေးမှူးချုပ် မစ္စတာချန်ဒွါဂျီဘန်းနားဂျီ တို့နှင့်အတူ ဒုတိယဝန်ကြီး ဦးမင်းမင်းက ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရေးအတွက် အမှာစကားများအသီးသီး ပြောကြားခဲ့ ပါသည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် လက်ရှိကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးရာ မရေရာမှုများကြောင့် အခက်အခဲများကြုံ တွေ့နေရသည့်အချိန်တွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ယင်းစိန်ခေါ်မှုအခက်အခဲများကို အခွင့်အလမ်းများအဖြစ် ရင်ဆိုင်ကျော်ဖြတ်နိုင် ရေးမှာ အရေးကြီးပါကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ကာကွယ်ရေးဝါဒ၊ ရာသီဥတုဆိုင်ရာကိစ္စရပ် များနှင့် စွမ်းအင်လုံခြုံရေးစသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည့် ယနေ့ခေတ်ကြီးတွင် ဒေသ တွင်း ပေါင်းစည်းမှုသည် ရွေးချယ်စရာမဟုတ်တော့ဘဲ အမျိုးသားမူဝါဒတစ်ခု၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရေးလိုအပ်နေချိန်ဖြစ်ပြီး ယင်းကိုအပြီး သတ်ဆောင်ရွက်နိုင်ရန်အတွက် အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘင်းမ်စတက်၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွင် ဦးဆောင်နိုင်ငံ အနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သောကုန်သွယ်ရေးသဘော တူစာချုပ်၏ အစောပိုင်းနိုင်ငံတကာအသွင်ကူးပြောင်းရေး၏ အလားအလာရှိသော ရလဒ်အချို့ဖြစ်သည့် စီးပွားရေးကွဲပြားမှု၊ စီးပွားရေးတိုးတက်မှုနှင့် စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အဓိကထားဆွေးနွေးပြောကြားခဲ့ပါသည်။

          ယခုကျင်းပပြုလုပ်သည့် ဘင်းမ်စတက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲသည် ကဏ္ဍကြီး ၅ ခု နှင့် နိုင်ငံအလိုက်ဆွေးနွေးပွဲများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တောင်တန်းနှင့်ပင်လယ်ပြင်ဒေသအခြေပြု စီးပွားရေးတွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုကဏ္ဍ၌ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ဇော်မြင့်ကလည်းကောင်း၊ ဘင်းမ်စတက်ဒေသတွင်း ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးကဏ္ဍတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အလုပ်အမှုဆောင်အရာရှိဖြစ်သူ ဒေါ်လှလှရီ မှလည်းကောင်း၊ အမျိုးသမီးစီးပွားစွမ်းအားမြှင့်တင်ခြင်း အစီအစဉ်တွင်  UMFCCI မှ အထွေထွေ အတွင်းရေးမှူးချုပ်၊ ဒေါ်ခိုင်ခိုင်နွယ်ကလည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချောမွေ့သောဂေဟစနစ်ကို ဖန်တီးခြင်းကဏ္ဍတွင် UMFCCI မှ ဗဟိုအလုပ်အမှု ဆောင်အရာရှိဖြစ်သူ ဦးထွန်းထွန်းနိုင်မှ လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေခြင်းကဏ္ဍတွင်  UMFCCI မှ ဗဟိုအလုပ်အမှုဆောင် အရာရှိဖြစ်သူ ဒေါ်နန်း ကလျာဝင်း ကလည်းကောင်း အသီးသီး ပါဝင်ဆွေးနွေးပြေကြားခဲ့ပါသည်။

          ယခုအစည်းအဝေးသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် အပါ အဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကုန်သည်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊  စီးပွားရေးလုပ်ငန်းရှင်များ၊ မူဝါဒရေး ရာလေ့လာရေးအဖွဲ့များ၊ သုတေတနအဖွဲ့ အစည်းများနှင့် ကဏ္ဍအလိုက်ကျွမ်းကျင် ပညာရှင်များ စုစုပေါင်း ၅၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရ ပါသည်။

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages