နေကြာတောင်သူများအနေဖြင့် ဈေးကွက်ခိုင်မာ အကျိုးအမြတ် ပိုမိုရတဲ့ ဆီစားနေကြာကို ပြောင်းလဲစိုက်ပျိုးသင့်

Mon, 03/21/2016 - 09:15 -- admin_ygn

 အင်းတော်မြို့နယ်မှာ ဆောင်းသီးနှံအဖြစ် နေကြာကို တတိယအများဆုံး စိုက်ပျိုးကြပါတယ်။ အာထောက်လှော် နေကြာ မျိုးအများအပြား စိုက်ပျိုးကြပြီး ဆီစားနေကြာ အနည်းငယ်စိုက်ပျိုးကြပါတယ်။ ဒေသမျိုးဖြင့် သမားရိုးကျ စိုက်ပျိုးနေကြတဲ့ နေကြာတောင်သူများ ဆီစားနေကြာကို ပြောင်းလဲစိုက်ပျိုးပါက ကုန်ကျစရိတ်နည်းပါးပြီး အပျက် အစီးနည်းကာ အကျိုးအမြတ်များစွာ ရှိတယ်လို့ သိရပါတယ်။ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်းက အင်းတော်မြို့နယ် အတွင်း၌ ဆောင်းနေကြာ စိုက်ဧက ၁၁၂၀၀ စိုက်ပြီး တစ်ဧက လျှင်၂၅ တင်းနှုန်းထွက်ရှိကာ စုစုပေါင်း ၂၈၀၀၀၀ တင်းထွက် ရှိခဲ့ပါတယ်။ နေကြာကိုကောလင်းဒေသက ထက်ထက်နေကြာ လုပ်ငန်းကို အဓိကတင်ပို့တဲ့အပြင် ရွှေဘို၊ မန္တလေး၊ မြစ်ကြီး နား၊ မိုးညှင်း၊ မိုးကောင်းမြို့များသို့ တင်ပို့ရောင်းချပြီး ဒေသ တွင်း ပဲလှော်ဖိုများက အဆွဲများလို့ ဈေးကွက်ဝယ်လိုအားရှိတဲ့ သီးနှံဖြစ်ပါတယ်။ ယခုအခါမှာ နေကြာတစ်တင်း ၇၅၀၀ ကျပ်ကျော် ဈေးရှိပါတယ်။ တစ်ဧကကုန်ကျစရိတ် တစ်သိန်း ခန့်ရှိလို့ ရှစ်သောင်းကျော် အကျိုးအမြတ်ရှိတယ်လို့ နေကြာ စိုက်တောင်သူများထံမှ သိရပါတယ်။ နေကြာတောင်သူများ ဆင်းရွှေကြာ -၃ ဆီစားနေကြာ စိုက်ပျိုးပါက တစ်ဧကကုန်ကျစရိတ် တစ်သိန်းခန့် ကုန်ကျ ကြောင်း သက်တမ်းမှာ ၈၀-၈၅ ရက်ဖြစ်ပြီး အထွက်တင်း တစ် ဧက ၃၅ တင်းအထက်ထွက်ကြောင်း တစ်ဧကကို မျိုးနှစ်ပြည် နှုန်းစိုက်ပျိုးရပြီး နေကြာအဆန် သုံးတင်းကြိတ်ပါက ဆီ ၅ ပိဿာရကြောင်းနဲ့ နေကြာဆီတစ်ပိဿာ ပေါက်ဈေး ၆၀၀၀ ကျပ်ရှိလို့ တစ်ဧကအကျိုးအမြတ် နှစ်သိန်းကျော်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါတယ်။ နေကြာစိုက်တောင်သူများအနေနဲ့ လယ်ယာလုပ်ငန်း ခွင်မှာ ပင်ပန်းတာခြင်းတူပေမယ့် ဈေးကွက်ခိုင်မာပြီး ပိုမို အကျိုးအမြတ်ရရှိနိုင်တဲ့ ဆီစားနေကြာကို ပြောင်းလဲ စိုက် ပျိုးသင့်တယ်လို့ ဆိုပါတယ်။

ကြည်နိုင်ဦး-အင်းတော်