ဂျင်ရဲမြောင်(စံပြ)ကျေးရွာတွင် မိုးနှမ်းများ စတင်ထွက်ပေါ်လျက်ရှိ

Wed, 08/21/2024 - 08:28 -- mocadmin

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ကုန်ကြီးကျေးရွာအုပ်စု၊ ဂျင်ရဲမြောင် (စံပြ)ကျေးရွာသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်းတို့ကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ မိုးနှမ်းသီးနှံ စိုက်ဧက ၁၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

နှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းနီ၊ နှမ်းနက်နှင့် နှမ်းဖြူမျိုးများကို စိုက်ပျိုးကြပြီး နှမ်းနီ မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ နှမ်းမျိုးများကို တစ်ပြည်လျှင် ငွေကျပ် ၁၁,၀၀၀ နှုန်းဖြင့် အထက်မင်းလှမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝယ်ယူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် ၂ ပြည် စိုက်ပျိုးရ ကြောင်း၊ မိုးနှမ်းကို ထွန်ယက်၍ ကြောင်းဆွဲစနစ်ဖြင့် စိုက်ပျိုးကြကာ မေလတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါ အဝင် တစ်ဧကလျှင် ငွေကျပ် ၄၀၀,၀၀၀ ခန့်ကုန်ကျပြီး မိုးနှမ်းသီးနှံကို ရာသီဥတု အပေါ်မူတည်၍ စိုက်ပျိုးရပြီး မိုးရွာသွန်းမှု များပြားလျှင် နှမ်းပင်များ ပျက်စီး၍ အထွက်နှုန်း လျော့နည်းနိုင်ပြီး မိုးရွာ သွန်းမှုနည်းပါးလျှင် မျိုးစေ့အောင်မြင်မှုနည်းပါး၍ အထွက်နှုန်းလျော့နည်းနိုင်ကြောင်း၊ ရာသီဥတု သင့်တင့်မျှတမှုရှိလျှင် နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းမွန်ကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် တစ်ဧကလျှင် ၆ တင်းခန့်သာထွက်ရှိကြောင်း သိရသည်။

ဈေးနှုန်းအနေဖြင့် ဩဂုတ်လ၊ ဒုတိယပတ်တွင် နှမ်းနက် (စမုန်) တစ်တင်းလျှင် ငွေကျပ် ၁၆၀,၀၀၀၊ နှမ်းနီတစ်တင်းလျှင် ငွေကျပ် ၁၃၀,၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ငွေကျပ် ၁၄၀,၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နှမ်းစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် နှမ်းနက် (စမုန်) မျိုးအတွက် ငွေကျပ် ၅၆၀,၀၀၀၊ နှမ်းနီမျိုးအတွက် ငွေကျပ် ၃၈၀,၀၀၀၊ နှမ်းဖြူမျိုးအတွက် ငွေကျပ် ၄၄၀,၀၀၀ အကျိုးအမြတ်များရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA (မကွေး)