ပြည်ကြက်သွန်နီ အဝင်ဆက်တိုက်များ၍ ဈေးအနည်းငယ်ကျ

Wed, 08/03/2016 - 06:54 -- admin_ygn

        ပြည်ကြက်သွန်နီ ဈေးကွက်သို့ ကျောက်ပန်းတောင်း၊  ရေနံချောင်း၊ ဆိပ်ဖြူ၊ တောင်တွင်း၊ ပခုက္ကူ  စသည့် နယ်စုံမှ ယခင်တစ်ပတ်အတိုင်း ကြက် သွန်နီ ပုံမှန်ဝင်ရောက်နေပြီး ဇူလိုင် ဒုတိယပတ်မှစ၍ အဝင်ဆက်တိုက်  များပြားနေတဲ့အတွက်  ကြက်သွန်နီများ ပေါများနေမှုကြောင့် လက်လီရောင်းချ သူများမှ အပြိုင်အဆိုင် ဈေးလျော့ပြီး  ရောင်းချလျက်ရှိတာ တွေ့ရပါတယ်။ နယ်စုံမှ ကြက်သွန်နီများ   ဝင်ရောက် လာတဲ့အတွက်  အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းသတ်မှတ်  ရောင်းချ လျက်ရှိကြောင်း သိရပါတယ်။
        ပွဲရုံလက်ကားဈေးအနေနဲ့ တစ် ပိဿာကို (ကြီး) ၅၈၀ ကျပ် (လတ်) ၅၅၀ ကျပ် (သေး) ၅၀၀ ကျပ်တို့ဖြစ်ပြီး လက်လီဈေးမှာ အနည်းငယ် ကျဆင်း သွားကာ (ရှယ်သန့်) ၇၅၀ ကျပ်၊ (ကြီး) ၇၀၀ ကျပ်၊ (လတ်) ၆၀၀-၆၅၀ ကျပ်၊ (သေး) ၅၀၀- ၅၅၀ ကျပ်တို့နှင့် ရောင်း ဝယ်နေကြောင်း သိရပါတယ်။ အရောင်းအဝယ်အားဖြင့် ဈေး အနည်းငယ် ကျဆင်းပေမယ့် ဒေသတွင်း ဝယ်လက်များဖြင့် ပုံမှန်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်တို့သို့ စားသုံးရန် တင်ပို့မှုနှင့် ဒေသတွင်း ဝယ်လက်သမားများ အပါ အဝင် တစ်နေ့ကို ပိဿာ ၃၀၀င် အိတ် ၃၀၀ ခန့်  အရောင်းအဝယ်ဖြစ်နေကြောင်း တွေ့ရပါတယ်။

 

ဝင်းလဲ့ဝါ (ပြည်)