“ မြန်မာ့စိန်တလုံးသရက်သီးများ စင်ကာပူသို့တင်ပို့လျက်ရှိ”

Thu, 06/08/2023 - 09:23 -- comsumer

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် ၊ ပလိပ်ရှိ သဇင်နွယ် သရက်ခြံ မှာ (၂၂)ဧက စိုက်ပျိုးထားရှိပြီး စိန်တလုံး (၃၈၄)ပင်၊ ရွှေဟင်္သာ (၆၅)ပင်၊ ဦးမေရိယ (၁၉၁)ပင်၊ ရင်ကွဲ(၁၇)ပင်၊ အကြမ်း(၉၇)ပင် စိုက်ပျိုးထားကြောင်း ၊ ၄င်းခြံမှ ထွက်ရှိသော သရက်သီးများအပြင် ဒေသထွက်စိန်တလုံးသရက်သီးများကို စင်ကာပူနိုင်ငံသို့ပင်လယ်ရေကြောင်းမှ ကွန်တိန်နာများဖြင့် မေလ(၄)ရက်နေ့မှ စတင်၍ တင်ပို့လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် လက်ရှိအချိန်အထိ ကွန်တိန်နာ (၁)စီးလျှင် (၇-၈)တန်အထိ ဝင်ဆံ့ပြီး စိန်တလုံး သရက်(၄၀)တန်ခန့်ဖြင့် ကွန်တိန်နာ(၅)စီး တင်ပို့ပြီး ဖြစ်ကြောင်း၊ ယခုသရက်သီးရာသီတွင် ဇွန်လလယ်အထိ တန်(၁၀၀)ခန့် တင်ပို့ရန်ရည်မှန်းထား ကြောင်း သိရသည်။

        စျေးနှုန်းစျေးကွက်အနေဖြင့် နိုင်ငံခြားသို့တင်ပို့ရန်အတွက် သရက်တောင်သူများထံမှ (250gm-300gm)အရွယ်အစားရှိသော စိန်တလုံးသရက်သီး တစ်တန်လျှင်(၁၂၅၀၀၀၀/-) ကျပ်ပေးရကြောင်း၊  တင်ပို့ရာ၌ သရက်သီး (အကြီး/အသေး)များကို ဘားကုဒ်များဖြင့် ဖော်ပြ၍ တင်ပို့ရကြောင်း၊ သဇင်နွယ်သရက်ခြံမှ စင်ကာပူသို့ စိန်တလုံး သရက်သီးများ တင်ပို့မှုအနေဖြင့် ယခုနှစ်အထိ (၄)နှစ် ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။သရက်သီးများကို ပြည်ပနိုင်ငံသို့ တင်ပို့မှုအပြင် ၄င်းခြံထဲ၌ ပြည့်ပြည့် အမည်ဖြင့် စားသောက်ကုန်လုပ်ငန်းအား ထူထောင်ထားပြီး ပြည်ပသို့တင်ပို့၍မရသည့်  စိန်တလုံး သရက်သီး (ပယ်သီး)များအား  တစ်တန်လျှင်(၅၀၀၀၀၀/-) ကျပ်ဖြင့် ပေးဝယ်ပြီး သရက်သီးများ အား Value Added ပြုလုပ်၍ သရက်ပျဉ် ၊ သရက်ခြောက် ၊ အေးခဲ သရက်သီး(အနှစ်)များကို ထုတ်လုပ်၍ ထွက်ရှိလာသည့် ကုန်ချောများကို ပြည်တွင်း စျေးကွက်များသို့ ဖြန့်ချိလျက်ရှိရာ သရက်ပျဉ် (၁)ပိဿာလျှင် (၁၀၀၀၀/-)ကျပ်၊ သရက်သီး(အနှစ်) 1Kg တစ်ထုပ်လျှင်(၆၀၀၀/-)ကျပ်၊ သရက်ခြောက် (၁)ပိဿာလျှင် (၁၅၀၀၀/-)ကျပ် ရရှိကြောင်း သိရသည်။

DOCA(မန္တလေး)

Local Trade News

Pages