အာဟာရရှိအောင်စားသောက်ရာတွင် အမျိုးသားများထက် အမျိုးသမီးများက ပိုမိုနားလည်တတ်ကျွမ်းကြသည်ဟုဆို

Tue, 01/13/2015 - 13:58 -- admin_ygn

   ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့ရှိ  မွန်ထရီယယ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏လေ့လာတွေ့ရှိချက်များအရ အမျိုးသားများ၏ အစားအစာစားသုံးမှုအလေ့အထသည် ၎င်းနေထိုင်သည့်ပတ်ဝန်းကျင်ရှိ အလေ့အထများအတိုင်းသာ နေထိုင်စားသောက်လေ့ရှိကြကြောင်း၊ အမျိုးသမီးများမှာမူ ယင်းကဲ့သို့မဟုတ်ဘဲ ကျန်းမာရေးနှင့် လိုက်လျော ညီထွေဖြစ်သည့်အစားအသောက်များကိုသာ စားသောက်တတ်ကြ သည်ကို တွေ့ရှိခဲ့ရကြောင်းဖြင့်ဖော်ပြထားသည်။
   ''ကျွန်မတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ကျန်းမာရေးနဲ့ လိုက်လျောညီထွေဖြစ်အောင် စားသောက်ရာမှာ အမျိုးသမီးတွေက သာလွန်ပါတယ်''ဟု အဆိုပါသုတေသနအဖွဲ့၏ အဖွဲ့ခေါင်းဆောင် မစ္စခရစ္စတယ်လ်အမ်ကလေးက ပြောကြားခဲ့သည်။
   အဆိုပါသုတေသနအဖွဲ့သည် ကနေဒါလူမှုအဖွဲ့အစည်းအတွင်း ကျန်းမာရေးဆိုင်ရာ လေ့လာရေးအဖွဲ့မှ ကောက်ယူရရှိသည့် အချက်အလက်များကို အခြေခံ၍လေ့လာ ခဲ့ကြခြင်းဖြစ်သည်။ ကနေဒါနိုင်ငံရှိ  တိုရွန်တို၊ မွန်ထရီရယ်၊ ဗန်ကူးပါး၊ ကယ်လဂရီနှင့် အော့တဝါတို့တွင်နေထိုင်ကြသည့် ကနေဒါနိုင်ငံသား ငါးသောင်းနီးပါး၏ စားသောက်မှု ပုံစံကို လေ့လာခဲ့ကြရမှာ အဆိုပါအချက်ကိုတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
   အဆိုပါသုတေသနပြုချက်များကို  စူပါမားကက်များ၊ လက်လီဆိုင်များ၊ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များရောင်းချသည့်ဆိုင်များ၊ စားသောက်ကုန်သိုလှောင်ရုံများမှရရှိသည့် အချက်အလက်များကို အခြေခံ၍ စဉ်းစားသုံးသပ်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။ အမျိုးသားများသည် အသင့်စား အစားအသောက်များကိုသာ ခုံခုံမင်မင်စားသုံးတတ်ကြပြီး ကျန်းမာရေးနှင့် လိုက်လျောညီထွေဖြစ်သည့်အချက်များကို ထည့်သွင်းစဉ်းစားခြင်းမပြုကြောင်းဖြင့် သုတေသီများကပြောကြားခဲ့သည်။ 

မယ်သီတာ

Local Trade News

Pages